စစ်ကိုင်းသတင်း

ဝက်လက်နယ်အရှေ့ခြမ်းကို စစ်အုပ်စုဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးတစ်လုံးကြဲတာကြောင့် အရပ်သားလေးဦးသေဆုံး၊

နန်းယု/MFP၊ ဒီဇင်ဘာ – ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီကျော်မှာ စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မိတ္ထီလာအခြေစိုက် ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးနဲ့ ပေါင် ၃၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး နေရာမှာတင်သေဆုံးကာ အနည်းဆုံး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၇၀ အရွယ်တွေဖြစ်တဲ့ ဦးညွန်ဝေ၊ဒေါ်မြင့်ကြည်၊ အသက် ၂၅ နှစ်အရွယ် ကိုဇေယျာထွန်းနဲ့ အမည်မသိရသေးတဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး နေအိမ်သုံးလုံးနဲ့ ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ လောလောဆယ် မိန်းကလေးနှစ်ယောက် ၊ယောကျ်ားလေး နှစ်ယောက်လို့ သိထားရပါတယ်။ ယောကျ်ားလေးကလည်း အသက်ကြီးတဲ့သူပါတယ်။ မိန်းကလေးကလည်း အသက်ကြီးတဲ့ အရွယ်ပါတယ်။ လေးယောက်ပါ။ အဲဒီမှာမှ တခြားအိမ်ပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ် “ လို့ Wetlet Informational Network တာဝန်ခံကိုနဂါးလေးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်က အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတဲ့အထဲ ဝက်လက်မြို့နယ်လည်း ပါဝင်တာကြောင့် လတ်တလောမှာ သေဆုံးဒဏ်ရာရသူတွေရဲ့အခြေအနေကို MFPအနေနဲ့ အသေးစိတ်မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ဝက်လက်မြို့နယ်တစ်နေရာက စစ်ဘေးရှောင်တွေ နေထိုင်နေကြတဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူငါးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုလက်ချက်နဲ့ သေဆုံးထိခိုက်သွားတဲ့ စစ်ရှောင်တွေဟာ ရွှေဘိုမြို့နယ် ကုလားမရွာနဲ့ လက်ကောက်ရွာစတဲ့ နေရာတွေကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး ဝက်လက်နယ်မှာ နှစ်နှစခန့်အကြာ စစ်ရှောင်နေထိုင်ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ သိမ်းဌက်မင်းလေကြောင်း စစ်ဆင်ရေး အောက်ကနေ ဝက်လက်နယ်အတွင်းက ဒေသခံတွေကို ဗုံးကြဲသတ်ဖြတ်မှုကြောင့် ဒီဇင်ဘာ ၁ ရက်ကနေ ၁၇ ရက်အထိ ပြည်သူ ၁၄ ဦးအထိ သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီနေ့အထိ စစ်ကိုင်းတိုင်းအတွင်းက ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ တန့်ဆည်နဲ့ယင်းမာပင်စတဲ့ မြို့နယ်တွေကို လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတာကြောင့် အရပ်သားတွေ သေဆုံးထိခိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့လူအခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၃ ရက်ထုတ်ပြန်ချက်မှာတော့ စစ်အုပ်စုအာဏာသိမ်းတဲ့ ငါးနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ရှိခဲ့ပြီး ပြည်သူ ၄,၄၇၀ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button