စစ်ကိုင်းသတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနီးက ယာယီစစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနေ၊

ရွှေဥ/ MFP၊ ဒီဇင်ဘာ – ၁၈

စစ်ကိုင်းတိုင်း ၊မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နဲ့ နှစ်မိုင်ကျော် အကွာမှာရှိတဲ့ ယာယီတပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကို တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ  ၁၆ ရက်နေ့မှာ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုတပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး၊ ငါးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်‌ကြောင်း) ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်အကွာက သမန္တာရွာ ၊ ခိုးသန်းရွာ ၊တောင်ပလူရွာစတဲ့ ကျေးရွာသုံးရွာအနီးမှာ လှုပ်ရှားနေကြတဲ့ အင်အား ၂၀ ခန့် ပါတဲ့စစ်အုပ်စု စစ်ကြောင်းကို အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်အုပ်စု တပ်သား ၁၀ ဦးသေဆုံးကာ၊ ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်‌ကြောင်း) ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

” စစ်အုပ်စု ၁၀ ဦး သေဆုံးပြီးတော့ ၊ ငါးဦးခန့် ဒဏ်ရာ ရရှိပါတယ်”

တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ကျောက်ဆစ်ပုံအမြှောက်တပ် (အမတ – ၅၀၈)ကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ အလုံးရေ ၂၀နီးပါး ပစ်ခတ်တာ ကြုံရတာကြောင့် စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ်မချေမှုန်းနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်‌ကြောင်း)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ မုံရွာခရိုင်တပ်ရင်း ၂  ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပျောက်ကျား တပ်စိပ် တပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်ကလည်း စစ်အုပ်စုတပ်တွေက မုံရွာ တောင်ဘက်မှာရှိတဲ့ နဂါးတွင်းနဲ့ ပေါက်ပင်ကျေးရွာတွေက နေအိမ် ၅၀ ကျော်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတဲ့ စစ်

အုပ်စုတပ်ကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ  မြို့နယ် ၃၇ မြို့နယ်ရှိတဲ့အထဲက ၁၀မြို့နယ်မှာတော့ ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်ဘဲ နောက်ထပ်မြို့နယ် ၂၀ မှာတော့ တစ်စိတ်တစ်ပိုင်းကျင်းပသွားမှာ ဖြစ်

သလို မုံရွာမြို့အပါအဝင် ၊ဝက်လက် ၊ကောလင်း ၊မော်လိုက် ၊‌ရွှေဘို ၊စစ်ကိုင်း ၊ချောင်ဦး ၊ခင်ဦး ၊ကန့်ဘလူ ၊ကျွန်းလှ ၊ဘုတလင်စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဉ်နီးပါးတိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd  -Budalin Mobile Team- BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်‌ကြောင်း)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button