ရွှေဥ/MFP ၊ ဒီဇင်ဘာ-၂၂
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်းစတဲ့ မြို့နယ်လေးခုမှာရှိတဲ့ စစ်ဘေးရှောင်နဲ့ မသန်စွမ်းတွေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ စက်ရေတွင်းနဲ့အိမ်သာတွေ ဆောက်လုပ်ပေးခဲ့တယ်လို့ S&C မီးဘေး၊စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က MFP ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁ရက်ကနေ ၂၃ ရက်နေ့အထိ မြို့နယ်လေးခုက စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၀ ကျော်အတွက် ရည်ရွယ်ကာ စက်ရေတွင်းခုနစ်တွင်းနဲ့ လေးခန်းတွဲပါ အိမ်သာသုံးလုံးကို ကာလတန်ဘိုး သိန်း ၂၀၀ နီးပါး ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို စစ်အုပ်စုတပ်က နေ့စဉ်လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိမှန်ခဲ့တဲ့ ပြည်သူတွေဟာ ရာသက်ပန်
မသန်စွမ်းဘ၀နဲ့ နေထိုင်နေကြရတာ ရှိပါတယ်။ သွားလာလှုပ်ရှားဖို့ ခက်တဲ့ မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေ အသက်အရွယ်ကြီးသူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ပေးခဲ့တာလို့ S&C မီးဘေး၊စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံဦးစိုးမိုးအောင်က MFP ကို ပြောပါတယ်။
“အသက်အန္တရာယ်ကတော့ များတာ ပေါ့။ စစ်ကြောင်းလဲရှိတဲ့ အခါရှိတယ်။ မိုင်းနင်းမိတဲ့ အခါလဲရှိတယ်။ သွားရေးလာရေးက ခက်ခဲတယ်။ ဒါကြောင့်မို့လဲ ကျနော်တို့က ရေတွင်းတူးပြီးတော့ အဆင်ပြေအောင်လုပ်ပေးရတာပေါ့၊ အခုလက်ရှိမှာ ဆောက်တာကတော့ လေးခန်းတွဲအိမ်သာ သုံးလုံးဆောက်နေတယ်။ ရွှေဘို ၊ဒီပဲယင်း ၊ဝက်လက်မှာတွေ ၊အဲ့ဒါတွေကလဲ စစ်ရှောင်တွေ ရှိတဲ့ နေရာပေါ့။ လေးခန်းတွဲပေါ့နော် ၊တခန်းကတော့ ဘိုထိုင်၊ ဘိုထိုင်ကတော့ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေပေါ့နော်၊ ဒီအခန်းတွေဆို တစ်ရာ ရှစ်ဆယ်၊ တစ်ရာ သုံးဆယ်ဒါကတော့ နယ်မြေ အခြေအနေမှာ မူတည်ပြီးတော့ ကုန်စျေးနှုန်း အတက်အကျပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲနေတာပေါ့ “
စစ်ကိုင်းတိုင်း အတွင်းမှာတော့ ရွှေဘို ၊ဒီပဲယင်း ၊ဝက်လက်၊ခင်ဦး၊ ကလေး၊ ကနီ ၊မုံရွာမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေရှားပါးပြီး သောက်သုံးရေနဲ့ အိမ်သာ လုံလောက်စွာ မရှိတာကြောင့် ဖျားနာတာနဲ့ ဝမ်းရောဂါ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဝမ်းရောဂါ ဖြစ်ပွားနေသူတွေနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူတွေလဲ မိုင်ထောင်ချီ ဝေးတဲ့ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ကုသရတာကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးသူတွေ ရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်အကူအညီပေးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ခွဲစိတ်ဘာညာ ပစ္စည်းမစုံလည်တဲ့ ဟာတွေမှာဆိုရင် အခက်ခဲတွေရှိတယ်။ သူတို့က ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါမှာ ကုသမှုအပိုင်းတွေပေါ့နော်၊ နှေင့်နှေးတာတွေ သူတို့ဒီလိုမျိူး ပစ်မှတ်ထားလုပ်တဲ့အခါမှာ အခုလို အရေးပေါ်လူနာတွေ ဖြစ်လာပြီဆိုရင် ကုသမှုအပိုင်းတွေမှာ ဝေးလံခေါင်သီတာပေါ့။ တခြားဒေသသွား ကုသရတဲ့ အခါကြတော့ မလိုအပ်ဘဲ အသက်ဆုံးတာတွေ ရှိကြတယ်”
စစ်ကိုင်းတိုင်းမှာတော့ အခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအထိ ခြောက်လနိီးပါးအတွင်း ဝက်လက်၊ ကလေး၊ ကနီမြို့၊ ကျွန်းလှ၊ ကန့်ဘလူမြို့နယ်တွေမှာ သောက်သုံးရေ မလုံလောက်တာကြောင့် လူဦးရေ ၅၀၀ ကျော် ဝမ်းရောဂါဖြစ်ပွားခဲ့သလို မြွေဆိုးအန္တရယ်ကြောင့် အသက်သေဆုံးသူ ၂၀ ကျော်ခန့် ရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



