ရွှေဥ/MFP ၊ ဒီဇင်ဘာ-၂၄
ဒီဇင်ဘာလ ၂၈ ရက်မှာ အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပဖို့ကြိုးစားနေပေမဲ့ ရွှေးကောက်ပွဲ ကျင်းပဖို့ လေးရက်အလိုအထိ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာတော့ မဲရုံတွေမရှိသေးသလို မဲပေးရမဲ့မံရုံတည်နေရာကိုပါ မကြေညာသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေတဲ့ ကလေးမြို့မှာ လုံခြုံရေးအခြေအနေကြောင့် မဲပေးရမဲ့နေရာတွေကို မသိရသေးသလို စစ်အုပ်စုဘက်က ပြင်ဆင်နေတာမျိုးလည်း မရှိဘူးလို့ မင်္ဂလာဥယျာဉ် ရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အာဏာမသိမ်းခင်တုန်းက မဲရုံတွေက စာသင်ကျောင်းတွေမှာထားတာ၊အမှတ် -၁၁ ကျောင်းတို့ ၊ အမှတ်-၉ ကျောင်းတို့ ၊အထက -၁ တို့ အမှတ် -၅ ကျောင်းတို့ ထားတာ ၊အခုကတော့ အဲ့ ဒီနေရာမှာလဲ မဲရုံကမရှိဘူး၊ ရွာတွေမှာဆိုလဲ ကျောင်းတွေမှာ ထားတာ ၊အခုက မဲရုံက ဘယ်နားထားမယ် မသိရဘူး။ ဘယ်နားဆောက်မယ်ဆိုတာကို မသိဘူး “
အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်မှာတော့ မြို့ပေါ်နဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကို မဲရုံအဖြစ်အသုံးပြုကြသလို မဲဆန္ဒရှင်တွေကိုလည်း ရပ်ကွက်အလိုက် မဲရုံတည်နေရာကို အသိပေးကြေညာတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။
စစ်အုပ်စုတပ် အာဏာတည်မြဲဖို့နဲ့အသက်ဆက်ဖို့အတွက် ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲမှာတော့ ဘယ်နေရာမှာ မဲရုံထားမယ်ဆိုတာ မသိရဘူးလို့ ရွေးကောက်ပွဲကျင်းပဖို့ လေးရက်လိုတဲ့အထိ မကြေညာဘဲ ဖြစ်နေတာပါ။
ဒါပေမဲ့လည်း စစ်အုပ်စုတပ် ကျင်းပတဲ့ရွေးကောက်ပွဲမှာ ပါဝင်ယှည်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ မဲဆွယ်စည်းရုံးတွေ ပုံမှန်လုပ်နေကြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်ကလည်း ကလေးမြို့ လေဆိပ်အနီးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ရုံးမှာ မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးဒေသအခြေစိုက်ထားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကတော့ စစ်အုပ်စုအနေနဲ့ မံရုံမထားနိုင်တာဟာ လုံခြုံရေးအခြေအနေကို စိုးရိမ်တာကြောင့် မဲရုံတွေကို မထားသေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“အခုက သူတို့က(စစ်အုပ်စု) နတ်ချောင်းတို့ ထောက်ကြန့် အထိတော့ စစ်ကြောင်းထိုးထားတယ်။ ပွဲက မကြာခဏ ဖြစ်နေတာဆိုတော့ လုံခြုံရေးစိုးရိမ်တာလဲ ပါနိုင်ပါတယ်။မလုံခြုံတာ ကြောင့် ဖြစ်ပါလိမ့်မယ်”
ကလေးမြို့နယ်မှာတော့ အာဏာသိမ်းစစ်အုပ်စုက ရပ်ကွက် ပေါင်း ၂၀ ရှိတဲ့အထဲက ၁၂ ရပ်ကွက်မှာသာ ကျင်းပသွားမှာဖြစ်ပြီး တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းရပ်ကွက်စတဲ့ ရပ်ကွက်ရှစ်ခုမှာ ရွှေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။
အလားတူ ကျေးရွာပေါင်း ၆၀ ရှိတဲ့အထဲကလည်း သာစည် ၊ရှားတော ၊ကံကြီး ၊နန်းစောင်းပု၊လက်ပံချောင်း၊ပျဉ်းတောဦး ၊ရာဇဂြိုလ် ၊စော်ဘွားရေရှင်၊မောက်လင်း ၊ငါးဖား၊ရေရှင်၊ကျောက်ပြုတ်၊ဆင်၊စက္ကန့်၊ခုံသာ၊ကြက်ဖနက်၊နန်းကျင်းဆောင်၊ထိုမာ၊ထောက်ကြန့်၊ကင်မွန်းခြုံ၊ပေါက်တော၊အင်းဒင်၊နတ်မြောင်း၊နတ်ချောင်း၊အရှေ့စည်း ၊ခုံတိုးမြို့သာ စတဲ့ ကျေးရွာအုပ်စု ၃၃ ခုမှာရွှေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့မှာ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆို ထားပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကလေးမြို့နယ်မှာ လူဦးရေ သုံးသိန်းခွဲကျော်နေထိုင်ပြီး တိုက်ပွဲတွေဟာလည်း မြို့တောင်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတစ်ဝက်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



