စစ်ကိုင်းသတင်း

မုံရွာအမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ ခုနစ်ဦးဒဏ်ရာရ၊

MN/MFP ၊ ဒီဇင်ဘာ – ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်အခြေစိုက် စစ်အုပ်စုတပ်ရဲ့ အမှတ်-၅၀၈ အမြောက်တပ်ကနေ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားတွေနေထိုင်နေတဲ့ ကံပြားဆုံကုန်းရွာကို ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူတွေက MFP ကိုပြောပါတယ်။

တိုက်ပွဲဖစ်ပွားနေတာမရှိတဲ့ ကံပြားဆုံကုန်းရွာကို စစ်အုပ်စုတပ်ဟာ လက်နက်ကြီးနှစ်လုံး တမင်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာတင် အသက် ၄၀ ဝန်းကျင်အမျိုးသမိးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

“ဘာတိုက်ပွဲဖြစ်စဉ်မှ မရှိဘဲနဲ့ လက်နက်ကြီးနဲ့ ရမ်းထုတာ။ နှစ်လုံး ထုတာ။ တစ်လုံးကတော့ လူနေအိမ်ပေါ်ကို ကျတာ။ တစ်လုံးကတော့ လယ်ကွင်းထဲကျတာ။ လူတွေရှိတဲ့နေရာကို ကျတဲ့ တစ်လုံးကတော့ ထိခိုက်မှုများသွားတာပေါ့။ အမျိုးသမီး တစ်ဦး သေတယ်။ ခုနစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်”

လက်နက်ကြီးထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘေးကင်းရာနေရာတွေကို ခေါ်ဆောင်ဆေးကုသမှုပေးနေပြီး လုံခြုံရေးအခြေအနေအရ နာမည်နဲ့အသေးစိတ်အချက်အလတ်တွေကိုတော့ မသိရသေးပါဘူး။

မုံရွာမြို့အခြေစိုက် စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံရွာအနီးမှာရှိတဲ့ အမှတ် -၅၀၈ အမြောက်တပ်ဟာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေ မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မုံရွာမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကိုလည်း မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ မအူဂိတ်၊ စွမ်းရည်ထက် စက်သုံးဆီဆိုင်အနီးက စစ်အုပ်စု အထိုင်စခန်း၊ မြပုလဲ အထိုင်းစခန်းစတဲ့ နေရာတွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း မကြခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက အရပ်သား ၇,၆၃၂ ဦး သေဆုံးခဲ့ကာ ၃၀,၁၉၃ ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီဇင်ဘာလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button