စစ်ကိုင်းသတင်း

ရွေးကောက်ပွဲလုပ်နေတဲ့ မုံရွာမြို့အနီးက ဘုတလင်ကို လေကြောင်းနဲ့လက်နက်ကြီး ၁၀ ကြိမ်ကျော်ပစ်ခတ်၊

MN/MFP ၊ ဒီဇင်ဘာ – ၂၈

စစ်ကိုင်းတိုင်း၊ မြို့တော်မုံရွာမှာ ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ စစ်အုပ်စုဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်နေချိန်မှာပဲ နယ်မြေချင်းထိစပ်နေတဲ့ ဘုတလင်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲမကျင်းပခင် တစ်ရက်အလိုထဲက မုံရွာ-ဘုတလင်လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ကာ မြို့ပေါ်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မုံရွာမြို့နဲ့ ၁၁ မိုင်ကျော်အကွာမှာရှိနေတဲ့ ဘုတလင်မြို့နယ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသလို လတ်တလောမှာလည်း တိုက်ပွဲတွေဆက်ရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက် ၇ နာရီ ဝန်းကျင်ကစပြီး နေ့လယ် ၁၂ နာရီအထိ Y-12 ဘက်စုံသုံးလေယာဉ်နဲ့ ခုနစ်ကြိမ်၊ ပါရာမိုတာနဲ့ ဂျိုင်ရိုကော်ပတာတွေနဲ့ ခြောက်ကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ကဆိုပါတယ်။

“မနက်ကတည်းက လေကြောင်းကနေ ဗုံးသီးတွေ ချနေတာ။ Y-12 နဲ့က ခုနစ်ကြိမ် ပါရာမိုတာနဲ့က ခြောက်ကြိမ်ရှိသွားပြီ။ မနက်က တိုက်ပွဲလည်းဖြစ်လိုက်သေးတယ်။ လေကြောင်းဗုံးကြတာက ပြည်သူထိခိုက်တာတော့ မကြားရသေးဘူး။ တိုက်ပွဲရှိနေသေးတော့ အသေးစိတ်ဘာမှ ပြောလို့မရသေးဘူး”

ဘုတလင်နယ်ထဲကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို မနက်ပိုင်းကလည်း မုံရွာမြို့နယ် ကျောက်စစ်ပုံရွာအနီးက စစ်အုပ်စုရဲ့ အမှတ် – ၅၀၈ အမြောက်တပ်နဲ့ အရာတော်မြို့နယ်ထဲက စစ်အုပ်စုရဲ့ အမှတ် – ၁၀ စစ်အခြေခံလေ့ကျင်းရေးတပ်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘုတလင်မြို့နယ်မှာ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိပေမဲ့ MFPအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဘုတလင်နယ်ထဲမှာ အင်အားငါးဆယ်ကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက မြေပြင်စစ်ကြောင်းထိုးနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ပါ ဒီနေ့မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button