MN/MFP ၊ ဒီဇင်ဘာ – ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုတပ်က ဒီဇင်ဘာ ၂၈ ရက်ဒီနေ့မှာ အီလက်ထရွန်နစ် လျှပ်စစ်မဲပေးစက်တွေနဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပနေချိန်မှာပဲ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
အုန်းတော-ညောင်ပင်ကြီး မဟာဓာတ်အားလိုင်းကနေ ပေးဝေဖြန့်ဖြူးနေတဲ့ လျှပ်စစ်ဓာတ်အား ချိုင့်ယွင်းပြတ်တောက်နေတာကြောင့် စစ်ကိုင်းတိုင်းအထဲက စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ယင်းမာပင်နဲ့ မကွေးတိုင်းအထဲက ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဒီနေ့မနက် ၁၀ နာရီကတည်းကစ မီးပြတ်တောက်နေတာ ဖြစ်ပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေတဲ့ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက ဒီကနေ့ မနက် ၆ နာရီကစတင်ကာ လုံခြုံရေးအပြည့်နဲ့ မဲရုံတွေဖွင့်လှစ်ကာ မဲလာပေးကြဖို့ ခြိမ်းခြောက်ထားတာကြောင့် မနက်
အစောပိုင်းကတည်းက မြို့ခံတချို့ မဲသွားပေးနေကြရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
“မုံရွာမြို့ပေါ်မှာ မီးပြတ်တာက မနက်အစောပိုင်းကတည်းက ပြတ်နေတာ ဟုတ်တယ်။ ဘာကြောင့် ပြတ်တာလဲ တနိုင်ငံလုံးပြတ်နေတာလားတော့ မသိဘူး။ မဲကတော့ တစ်ယောက်ချင်း နှစ်ယောက်ချင်းစီ ခွဲပြီးတော့ မဲသွားထည့်နေကြတာလည်း တွေ့ရတယ်။ တချို့ကတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ အများကြီးတော့ မဟုတ်ဘူး အချို့တွေမဲသွားထည့်ကြရတာပေါ့”
စစ်အုပ်စုတပ်ဟာ နိုင်ငံတစ်ဝန်းမှာ မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) အလုံးရေ ငါးသောင်းကျော်ထုတ်လုပ်ထားပြီး အဲဒီမဲပေးစက်တွေမှာ ဆန္ဒပြုတာ (Ballot Unit-BU)၊ ထိန်းချုပ်
တာ(Control Unit -CU)နဲ့ မဲပေးဖော်ပြချက် (Verification Unit -VU) စနစ်သုံးမျိုး ပါရှိပါတယ်။
လက်ရှိအချိန်မှာတော့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် မဲရုံတွေမှာ မဲပေးရာမှာ လျှပ်စစ်မီးနဲ့အသုံးပြုရတဲ့ မြန်မာအီလက်ထရွန်နစ် မဲပေးစက် -MEVM စနစ် အသုံးပြုထားတာကြောင့် မီးပြတ်ချိန်မှာ မဲပေးရတဲ့အခြေအနေအသေးစိတ်ကိုတော့ MFP က မဲပေးခဲ့တဲ့ မြို့ခံတွေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ပြုလုပ်နေတဲ့ စစ်အုပ်စုတပ် အတုအယောင်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှန်ကန်မှုမရှိဘူးလို့ မဲစာရင်းသွားကြည့်ခဲ့တဲ့ မြို့ခံတစ်ဦးကလည်း MFP ကို ပြောပါတယ်။
“မဲစာရင်းသွားကြည့်တဲ့အခါမှာ နေရပ်လိပ်စာတွေမှားတယ်၊ အိမ်ထောင်စုစာရင်းတွေကလဲ တကွဲတပြားစီ ဖြစ်နေတာ။ တလွဲတွေဖြစ်နေတာတွေများတယ်။ ဒီကနေ့ မဲကတော့ သွားပေးကြတဲ့သူတွေ ရှိတယ်။ တချို့ကြောက်ကြတော့ သွားပေးကြတာပေါ့။ ကျွန်တော်တို့အိမ်ကတော့ မဲသွားမပေးကြဘူး။ တချို့ရပ်ကွက်တွေဆိုရင် အုပ်ကြီးတွေက သူတို့နဲ့သိတဲ့သူတွေကို မဲလာပေးကြဖို့ ဖုန်းဆက်ခေါ်တယ်လို့လည်း ကြားရတယ်”
စစ်အုပ်စု ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း-၁ ကိုတော့ မုံရွာမြို့နယ်က ရပ်ကွက် ၃၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုနှစ်အုပ်စုမှာ မဲရုံစုစုပေါင်း ၈၉ ရုံဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးပိုင်
ခွင့်ရှိသူဦးရေ၂၀၃,၄၀၃ ရှိကြောင်း စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်သူ့ပါတီတို့က အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)မှာ စစ်အုပ်စုအလိုကျ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



