စစ်ကိုင်းသတင်း

ကသာမြို့ပေါ်နဲ့ခမရ-၃၀၈အနီးမှာစစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်နေ

နွေဦး/MFP ၊ ဒီဇင်ဘာ – ၂၉

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကသာခရိုင် ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာလ၂၈ ရက် ညပိုင်းကစပြိီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်မှာတော့ စစ်အုပ်စုတပ် အထိုင်ချတပ်စွဲထားတဲ့ ကျန်တောနဲ့ ပြည်သာယာကျေးရွာအနီးမှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၅ နဲ့ ၈ တို့အပြင် ခမရ-၃၀၉ တပ်ရင်းအနီးမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ရပ်ကွက်-၅ အတွင်းကိုကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးနေတယ်လို့ အဲဒီအခြေအနေကို သိသူတစ်ဦးကပြောပါတယ်။

“၂၇ ရက်ညကစပြီး တိုက်ပွဲဖြစ်တော့မယ်လို့ သတင်းစကြားတယ်။ ၂၈ ရက်ည မြို့ပြင်ကျန်တောဘက်မှာ ပစ်ခတ်သံတွေကြားတယ်။ ဒီမနက် ၅ နာရီကျော်ကတည်းက မြို့တွင်းမှာ တိုက်ပွဲစသံကြားတာပဲ။ ဖုန်းလိုင်းတွေက မပိတ်သေးဘူး။ ဆက်လို့ရသေးတယ်။ အမေတို့က ရပ်ကွက်-၅ မှာနေတာ၊ မနက်ကလက်နက်ကြီးသံတွေ ကြားတော့ ကြောက်လို့ ငိုနေကြတယ်။ ကျမတို့အိမ် နောက်ကျောဖက်မှာ နှစ်အိမ်မီးလောင်နေတယ် ပြောတယ်။ ခမရ- ၃၀၉ တပ်ရင်းကိုလည်း ဝင်တိုက်နေတယ်တဲ့။ အကုန်လုံးပိတ်မိနေတဲ့ သဘောပေါ့။ ရှောင်ချိန်တိမ်းချိန်မရဘဲ ပိတ်မိနေကြတယ်။ ဘယ်အဖွဲ့က ပေးထွက်ထွက် လွတ်ကင်းရာကို ထွက်ဖို့ အထုပ်ပြင်ထားကြတယ်”

တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်မှာ လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေပြီး ကျောင်းတွေလည်း ပိတ်ထားတယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ် တာဝန်ရှိသူတွေကို MFPက ဆက်သွယ်နေဆဲဖြစ်ပြီး မြို့အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် မိုးတားလေး၊ ကျောက်ထုံးကြီး၊ အင်းစတဲ့ကျေးရွာမှာ အခြေစိုက်ထားတဲ့ တိုက်နယ်အဆင့် ရဲစခန်းတွေကို ကသာမြို့ပေါ်ကို ပြောင်းရွှေ့သွားတာကြောင့် ကသာမြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာ ၉၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်ဟာ မြို့ပေါ်ရပ်ကွက် – ၅၊ မြို့နယ်အားကစားကွင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှိတဲ့ အာဇာနည်ကွင်းစတဲ့ နေရာသုံးခုမှာ အခိုင်အမာတပ်စွဲထားပြီး လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကသာမြို့ပေါ်မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ အုပ်စု လူဦးရေ ၁၆၇,၇၃၄ ဦးနေထိုင်ပြီး ဒေသခံအများစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button