MN/MFP ၊ ဒီဇင်ဘာ – ၂၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အနောက်တောင်ဘက်မှာရှိတဲ့ လိန်ပင်ရွာကို ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းနဲ့ လိန်ပင်ရွာကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ရာမှာ အရပ်သားတွေ ထိခိုက်သေဆုံး ခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုတပ်ဟာ လိန်ပင်ရွာအနောက်ခြမ်းကို လေကြောင်းကပစ်ခတ်တာကြောင့် အရပ်သားတွေနေထိုင်တဲ့ နေအိမ်တွေအပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးကာ နောက်ထပ် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ မကြာခဏ လေကြောင်းက ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်ကလည်း ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ငါးပတ်ချောင်းရွာထဲကို လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အသက် ခုနစ်နှစ်အရွယ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်တွေအပါဝင် ဒေသခံခုနစ်ဦး သေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
စစ်အုပ်စုက ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာကြောင့် အခု ဒီဇင်ဘာလ ၁ ရက်ကနေ ၂၉ ရက်ထိ တလအတွင်းမှာ စစ်အုပ်စု လေကြောင်းက ကိုးကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ စုစုပေါင်း အမျိုးသမီး၊ အမျိုးသား ၁၈ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်က ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ငါးပတ်ချောင်းရွာကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



