စစ်ကိုင်းသတင်း

ဝက်လက်နယ်မှာ မြေပြင်စစ်ကြောင်းနှစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ စစ်ရှောင်နေရ၊

MN/MFP ၊ ဒီဇင်ဘာ – ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး စစ်အုပ်စုတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး စီးနင်းလုယက်နေတာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဒီနေ့အထိနေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Wetlet Information Network တာဝန်ရှိသူက MFP ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ဝက်လက်မြို့နယ်နဲ့ထိစပ်နေတဲ့ ရွှေဘိုနယ် ကျောက်မြောင်းမြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ အမှတ် – ၁၂ ခြေမြန်တပ်ရင်းကနေ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ  ဒီဇင်ဘာ ၂၆ ရက်မှာ ဝက်လက်နယ်အရှေ့မြောက်ခြမ်းက ထုံးဘိုရွာကို ဝင်ရောက်စီးနင်းအထိုင်ချပြီး အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မှာတော့ စစ်အုပ်စုအထိုင်ချထားတဲ့ ထုံးဘိုရွာအနီးက သစ်စိမ့်ကြီး၊ လှေပို့ဆိပ်၊ ရွာသစ်စတဲ့ ကျေးရွာတွေရဲ့အနောက်ဖက်ကို ဂျက်ဖိုက်တာနဲ့ Mi-35 ရဟတ်ယာဉ်

တို့နဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိခဲ့ဘူးလို့ Wetlet Information Network တာဝန်ရှိသူက ပြောပါတယ်။

“ဒီကနေ့ တံတားဦးတက် ဂျက်ဖိုက်တာတစ်စင်းနဲ့ Mi-35 တစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာက လက်ရှိ စစ်ကြောင်းထိုးနေတဲ့ရွာရဲ့ မြောက်ဘက် ဝက်လက်နယ်အရှေ့မြောက်ခြမ်း သစ်စိမ့်၊ လှေပို့ဆိပ်၊ ရွာသစ် အဲဒီရွာတွေရဲ့အနောက်ဖက်က တောထဲတွေကို ရမ်းသန်းပစ်သွားတာ။ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်ဗျ။ လက်ရှိမှာ ကျောက်မြောင်းဘက်ကထိုးလာတဲ့ စစ်ကြောင်းက ရေကမိုးရွာနဲ့ ရွာသစ်ရွာထဲကို စစ်ကြောင်းက ဝင်နေတယ်။ နောက်ပြီးတော့ ဝက်လက်နယ်အရှေ့တောင်ခြမ်းက ရှိန်းမကား(စခ)အထိုင်စခန်းကနေ ဒီကနေ့ စစ်ကြောင်းထပ်ထွက်လာပြီးတော့ ရွာတွေကိုဝင်နေတယ်။ လက်ရှိမှာ ဝက်လက်နယ်ထဲက စစ်ကြောင်းက နှစ်ကြောင်းရှိနေပါတယ်”

လက်ရှိ ဝက်လက်နယ်ထဲမှာ မြို့အရှေ့မြောက်ခြမ်းမှာ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ မြို့အရှေ့တောင်ခြမ်း ရှိန်းမကားရွာ စစ်အုပ်စုအထိုင်စခန်းက ဒီကနေ့ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့  ကျေးရွာတွေကို စီးနင်းလုယက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေနဲ့ အရှေ့တောင်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ထုံးဘို၊ ရှားကွဲ၊ ရေကမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်ကြီး၊ ကူကြီး၊ ငါးပတ်ချောင်း၊ ရေလည်မော်၊ နတ်မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရွာသစ်၊ ငါးရယ် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုက မြေပြင်ကနေ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အပြင် လေကြောင်းကနေပါ တိုက်ပွဲမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာကျေးရွာတွေကို မကြာခဏ ဗုံးကြဲပစ်ခတ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းကလည်း ဝက်လက်မြို့အနီးက လိန်ပင်ရွာကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် နေအိမ်ထဲ ဗုံးသီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဝက်လက်မြို့နယ်ထဲမှာ အခုလ ဒီဇင်ဘာ ၁ ရက်ကနေ မနေ့က ဒီဇင်ဘာ ၂၉ ရက်ထိ စစ်အုပ်စု လေကြောင်းက ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပါတယ်။

Related Articles

Back to top button