စစ်ကိုင်းသတင်း

အင်းတော်စာသင်ကျောင်းကို စစ်အုပ်စုလေကြောင်း ဗုံးကြဲတာကြောင့် ကျောင်းသူတစ်ဦးသေဆုံး နှစ်ဦးထိခိုက်ဒဏ်ရာရ၊

MN/MFP ၊ ဇန်နဝါရီ – ၂

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာရှိတဲ့ စာသင်ကျောင်းကို ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်၁ နာရီကျော်မှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကျောင်းသူတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သလို နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ် မော်လူး(မြို့)ဒေသထဲက ရွာရှည်ရွာ စာသင်ကျောင်းကို တိုက်ပွဲမရှိဘဲ ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက််မှုကြောင့် ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“၁၆ နှစ်အရွယ် ကျောင်းသူ တစ်ဦးသေတယ်။ နောက်ထပ် ကျောင်းသူ တစ်ဦးက လက်ဖြတ်ရမှာ၊ တစ်ယောက်ကတော့ ပေါင်ဖြတ်ရမယ်လို့ပြောတယ်။ သေဆုံးသွားတဲ့ ကျောင်းသူကတော့ အခု ဗုံးကြဲခံရတဲ့ရွာကိုလာပြီးတော့ ကျောင်းအိပ်ကျောင်းစားအနေနဲ့ ကျောင်းလာတတ်နေတာပါ”

စစ်အုပ်စု လေကြောင်းကဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသူနှစ်ဦးကတော့ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး လုံခြုံရေးအခြေအနေအရ နာမည်နဲ့အသေးစိတ် အချက်အလတ်တွေကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

အင်းတော်မြို့နယ်ထဲက မော်လူး(မြို့)ဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ အင်းတော်မြို့ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ထဲမှာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတွေ အများအပြားရောက်ရှိနေတာကြောင့် အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button