ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်ပြည်နယ်စတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်တွေမှာ ဒီဇင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၉ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၇၆ဦး သေဆုံးကာ၊ ၃၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS) က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်အုပ်စုရဲ့ အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲသက်ကြီးရွယ်အိုအပါအဝင် လူပေါင်း ၁၇၆ဦးထိ သေဆုံးခဲ့ရပြီး ၃၂၅ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ အနေနဲ့ စစ်ကိုင်းတိုင်းမှာ အကြိမ် ၅၀၊ မကွေးတိုင်းမှာ ၂၂ ကြိမ်၊ ကချင်ပြည်နယ်မှာ နှစ်ကြိမ်၊ မန္တလေးမှာ ၁၀ကြိမ်၊ ရှမ်းပြည်နယ်မှာ နှစ်ကြိမ်၊ ကယားပြည်နယ်မှာတစ်ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၁၁ ကြိမ်၊ ပဲခူးတိုင်းမှာ ၁၁ ကြိမ်၊ ဧရာဝတီတိုင်းမှာ လေးကြိမ်နဲ့ ကရင်ပြည်နယ်မှာ တစ်ကြိမ်စီတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ ၁၁၉ကြိမ်အထိ သိသိသာသာတိုးမြှင့်လာသလို စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ဟာ တိုက်ခိုက်ခံရမှု အများဆုံးအနေနဲ့တွေ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုဦးတည်ပစ်ခတ်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေအပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်နေတဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ဂျက်ဖိုက်တာကို အများဆုံး အသုံးပြုခဲ့ပေမဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ကုန်ကျစားရိတ်သက်သာတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အများဆုံး အသုံးပြုနေပြီး ပဲခူးတိုင်းမှာပါ စတင်အသုံးပြုတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီဇင်ဘာလအတွင်းက မြေနီရှိုလမ်းဆုံကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့ရာမှာ မီးလောင်ပျက်စီးနေပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



