MN/MFP ၊ ဇန်နဝါရီ – ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တောင်ခြမ်းက ပေါက္ကံဘူတာရွာပေါ်ကို ဇန်နဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်အုပ်စုလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် နှစ်လသားအရွယ် မွေးကင်းစကလေးငယ်တစ်ဦးအပါဝင် ဒေသခံသုံးဦး သေဆုံးသွားတယ်လို့ Wetlet Information Network က သတင်းထုတ်ပြန်ပါတယ်။
မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားလမ်းဘေးမှာရှိတဲ့ ပေါက္ကံဘူတာရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၃၀၀ ဗုံးသီးသုံးလုံးချ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်လသားအရွယ် မွေးကင်းစကလေးငယ်တစ်ဦး၊ အသက် ၇၀ အရွယ် ဒေါ်မြနဲ့ အသက် ၆၀အရွယ်ဒေါ်တင်ဌေးတို့ သုံးဦး သေဆုံးခဲ့ကာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။
ဝက်လက်နယ် ဒေသခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာ ဖြစ်ပြီး ရှောင်တိမ်းချိန်မရလိုက်တာကြောင့် အရပ်သားတွေ သေဆုံးကုန်တာလို့ ပြောပါတယ်။
“ဘာတိုက်ပွဲမှ မရှိပါဘူး။ ဒီနေ့ဗုံးလာကြဲတာက ရှောင်တိမ်းချိန်မရလိုက်တော့ ဆုံးကြတာ၊ အသံကြားလို့ ပြေးတုန်းမှာပဲ ကြဲချသွားတာပါ”
စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့တဲ့ ပေါက္ကံဘူတာရွာနေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်အချို့နဲ့ ကားတွေပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်အုပ်စုက ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်စဉ်မရှိဘဲ လေကြောင်းကနေ မကြာခဏ ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ လေကြောင်းကနေ ၁၄ ကြိမ် ဗုံးကြဲခဲ့တာကြောင့် သံဃာတော်နှစ်ပါးနဲ့ ကလေးငယ်တွေအပါဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုတပ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရွာတွေကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ စီးနင်းလုယက်မီးရှို့နေသလို ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။
Photo – February Onee၊ ဝက်လက်မြို့နယ် ပေါက္ကံဘူတာရွာကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



