စစ်ကိုင်းသတင်း

ချောင်းဦးနယ်တိုက်ပွဲတွေမှာ စစ်ကူပြီးပြန်လာတဲ့ စစ်အုပ်စုအမြန်ရေယာဉ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်၊စစ်အုပ်စု နှစ်ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရဟုဆို

MN/MFP ၊ ဇန်နဝါရီ – ၆

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကူပေးပြီး ချင်းတွင်းမြစ်အတိုင်း ပြန်ဆန်တက်လာတဲ့ စစ်အုပ်စု အမြန်ရေယာဉ်တစ်စင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု နှစ်ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ Chindwin Dynamite Salingyi ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲက တိုက်ပွဲတွေမှာ တစ်လကျော်ကြာ စစ်ကူပေးခဲ့ပြီးနောက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ချင်းတွင်းမြစ်အတိုင်း ဆန်တက်ပြီး ပြန်လာတဲ့ စစ်အုပ်စု အမြန်ရေယာဉ်တစ်စင်းကို ဆားလင်းကြီးမြို့နယ်တနေရာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်အုပ်စုတပ်တွေဟာ အမြင့်ရွာစစ်အုပ်စုအထိုင်စခန်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာချိန်မှာ မြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းနေရာတွေကနေ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ Chindwin Dynamite Salingyi တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ချောင်းဦးနယ်ထဲက ကျီကုန်းတိုက်ပွဲမှာ ဒီကောင်တွေ စစ်ကူလာပေးတာ တစ်လလောက်ရှိသွားပြီ။ ဒီနေ့မှ ပြန်ဆန်တက်လာတာ။ သူတို့(စစ်အုပ်စု) ချောင်းဦးဘက်ကနေ ဆန်တက်လာတာက မနက် ၅ နာရီကျော်လောက်ဖြစ်မယ်။ ကျွန်တော်တို့ဘက်က စတင်တိုက်ခိုက်တာကတော့ မနက် ၇ နာရီခွဲမှာပါ။ တိုက်ပွဲကြာချိန်ကတော့ အဖွဲ့တွေကလည်းများတယ် နေရာကလည်း အရှေ့ဘက်ကမ်းရော အနောက်ဘက်ကမ်းပါ တိုက်ကြတာဆိုတော့ ကျွန်တော်နေရာမှာတော့ နာရီဝက်လောက်ပဲကြာတာပါ။ (စခ) အသေအပျောက်စာရင်းကတော့ မုံရွာ အုန်းပင်ဆိပ်ကမ်းမှာ ဆိုက်မှ မျက်မြင်တွေ့ခဲ့သူတွေ ပြန်ပြောပြလို့ နှစ်ယောက်သေတယ်လို့ ပြန်သိရတာပါဗျ။ အသေစာရင်းက မုံရွာဘက် အုန်းပင်ဆိပ်ရောက်မှ ဒေသခံတွေလှမ်းပြောလို့ သိရတာပါ။ သယ်တာကလည်း သူတို့(စစ်အုပ်စု)ကိုယ်တိုင် သယ်လာတာ။ တခြားသူတွေကို မသယ်ခိုင်းဘူး။ အဲဒီလို သယ်လာတာကို ဘေးကလူတွေက မြင်တာပေါ့။ သီးခြားတော့ အတည်မပြုနိုင်သေးဘူးပေါ့နော်”

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အသေအပျောက်ရှိတာနဲ့ပတ်သက်ပြီး မျက်မြင်တွေ့ခဲ့သူတွေရဲ့ ပြောကြားချက်အပေါ်မှာ သတင်းထုတ်ပြန်ထားတာဖြစ်တာကြောင့် သီးခြားအတည်မပြုနိုင်သေးဘူးလို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်အုပ်စု အမြန်ရေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သလို စစ်အုပ်စုဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို Chindwin Dynamite Salingyi တပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် တပ်ရင်း -၄ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ Commando Force နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo – Chindwin Dynamite Salingyi
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button