နွေဦး/MFP၊ ဇန်နဝါရီ – ၁၀
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ပေါင်းစုအကြား နှစ်ဘက်တိုက်ပွဲငြိမ်သက်နေသလို မြို့အတွင်းမှာ ဈေးအရောင်းအဝယ်တချို့ ပြန်ထွက်လာကြပြီး စားသောက်ကုန်ချို့လည်း ပြတ်လပ်နေတယ်လို့ ကသာမြို့ခံတွေက ပြောပါတယ်။
ကသာမြို့ပေါ်က ကုန်ပစ္စည်းရောင်းချတဲ့ ဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာသလို ဘူတာဈေးမှာလည်း ဈေးအရောင်းအဝယ်တွေ ရှိလာတယ်လို့ ဆိုပါတယ်။
ဒေသထွက် ရာသီပေါ်သီးနှံတချို့ကလွဲရင် ခေါက်ဆွဲခြောက်၊ စားသုံးဆီနဲ့ဟင်းခတ်အမွှေးအကြိုင်မှုန့်စတဲ့ စားသောက်ကုန်တွေ ဝယ်မရတော့ဘူးလို့ ကသာမြို့ခံတချို့က ပြောပါတယ်။
“စက်သုံးဆီလည်း ပြတ်တယ်။ စားသောက်ကုန်ကတော့ ဆီတို့ခေါက်ဆွဲခြောက်တို့ပေါ့။ ဆိုင်တိုင်းပြန်မဖွင့်ကြပေမဲ့ ရက်ကကြာလာတော့ တော်တော်များများပြန်ဖွင့်ကြတယ်ပြောတယ်။ လူလည်းနည်းပြန်စီလာကြတယ်။ အိမ်တွေလည်း တော်တော်အဖောက်ခံကြရတယ် ပြောတယ်”
လတ်တလောတိုက်ပွဲမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကတည်း နှစ်ဖက်ပစ်ခတ်တာတွေမရှိတော့ဘဲ စစ်အုပ်စုတပ်ဘက်ကတော့ လက်နက်ကြီးတွေ မကြာခဏပစ်ခတ်နေပြီး မြို့အဝင်အထွက်ကိုတော့ မဖွင့်ပေးသေးဘူးလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်က ကသာမြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်အုပ်စုတပ်က လက်နက်ကြီးလက်နက်ငယ်တွေအပြင် လေယာဉ်နဲ့ပါဗုံးကြဲပစ်ခတ်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေက နေအိမ်သုံးဆယ်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်စွဲနေထိုင်နေတဲ့ မဟာစည်ရိပ်သာ၊ ရပ်ကွက် ၅(ဇေယျာချောင်) နဲ့တောင်ပေါ်ကျောင်းစတဲ့ နေရာတွေက တပ်စခန်းငယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရမိထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFPအနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
၂၀၁၄ သန်းခေါင်စာရင်းအရ ကသာမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃၂ စုနဲ့ လူဦးရေ ၁၆၀,၀၀၀ ကျော် နေထိုင်ပါတယ်။ အဲဒီအထဲက မြို့ခံတစ်သိန်းကျော်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ကနေ စွန့်ခွာလာနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေနဲ့ မရွှေ့ပြောင်းနိုင်သူစတဲ့ လူဦးရေ သောင်းနဲ့ချီ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
Photo – Nayar Thit
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



