စစ်ကိုင်းသတင်း

မင်းတုန်းနယ်ကို မဲပုံးသယ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေကို တိုက်ခိုက်ရာ လေးဦးသေဆုံး၊

အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၃

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ မဲပုံးတွေသယ်ဆောင်ဖို့အတွက် ဇန်နဝါရီလ ၁၂ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စု လေးဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းက ဒီနေ့ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်အုပ်စုဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း-၂ ကို မင်းတုန်းမြို့ပေါ်က မြို့ပေါ်ရပ်ကွက်တချို့မှာ မဲရုံတွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီရွေးကောက်ပွဲ မဲရလာဒ်တွေထည့်ထားတဲ့ မဲပုံးတွေကို သရက်မြို့နယ်ကို ပို့ဆောင်ဖို့အတွက် ခန့်မှန်းအင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းဟာ မင်းတုန်း-သရက်လမ်းပိုင်းက သဖန်းကိုင်းကျေးရွာအနီးကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို သရက်ခရိုင် အမှတ်-၄ တပ်ရင်း မိုင်းတပ်စိတ်က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့သလို  ထိတွေ့တိုက်ပွဲလည်း ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုလေးဦး မျက်မြင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်တာနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ် သိရဖို့အတွက် သရက်ခရိုင် အမှတ်-၄ တပ်ရင်းက ပြောရေးဆိုခွင့်ရှီသူတွေကို MFPက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

မကွေးတိုင်းမှာတော့ စစ်အုပ်စုရွေးကောက်ပွဲ အပိုင်း-၂ ကို ၁၁ မြို့နယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်နဲ့ ကံမမြို့နယ်‌တို့မှာ တော်လှန််ရေးတပ်တွေနဲ့ စစ်အုပ်စုတိုက်ပွဲတွေပြင်းထန်နေတဲ့ကြားကနေ စစ်အုပ်စုတပ်က ပြည်သူတွေကို အတင်းအကြပ် မဲထည့်‌ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ရွေးကောက်ပွဲအပိုင်း-၂ ကျင်းပနေတဲ့ ကံမမြို့ကို စစ်ဆေးဖို့ထွက်လာတဲ့ အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်လိုက်ပါလာတဲ့ ယာဉ်ကို ပြည်-ကံမ လမ်းပိုင်းပေါ်မှာ တော်လှန်ရေးတပ်တွေက  အသင့်စောင့်ဆိုင်းတိုက်ခိုက်ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ယာဉ်မောင်းတို့ သေဆုံးခဲ့တယ်လို့ ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Photo – သရက်ခရိုင် အမှတ်-၄ တပ်ရင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

Related Articles

Back to top button