စစ်ကိုင်းမကွေးမန္တလေးသတင်း

စစ်အုပ်စုရဲ့လူသတ်မီးရှို့တဲ့ အကြမ်းဖက်မှုတွေကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့၊

စစ်အုပ်စုရဲ့လူသတ်မီးရှို့တဲ့ အကြမ်းဖက်မှုတွေကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့၊စစ်ကိုင်းတိုင်းက အမျိုးသမီး၂၁၇ ဦးအထိ အများဆုံး သတ်ဖြတ်ခံထားရ

နန်းယု/MFP၊ ဇန်နဝါရီ – ၁၅

စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်အတွင်းမှာ နိုင်ငံတဝှမ်းက အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းက ၇၁၇ ဦးအထိ အများဆုံး သတ်ဖြတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ဇန်နဝါရီလ ၁၅ ရက် ဒီနေ့ မှာ ထုတ်ပြန်ပါတယ်။

အမျိုးသမီးတွေ အစုလိုက်အပြုံလိုက်အနေနဲ့ အများဆုံးသေဆုံးခဲ့ရတာကတော့ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂၁ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်အုပ်စုတပ်က ရေကြောင်း၊ လေကြောင်းတွေအပြင် မြေပြင်ကနေပါ စစ်ကြောင်းထိုးကာ လူသတ်မီးရှို့နေတဲ့ စစ်အုပ်စုတပ်ကြောင့် အမျိုးသမီး ၂၁၇ ဦးထိ အများဆုံးသေဆုံးခဲ့ရပြီး၊ မကွေးတိုင်းမှာ ၆၉ဦး၊ မန္တလေးတိုင်းမှာ ၁၂၃ဦး၊ ဧရာဝတီတိုင်းမှာ ၁၇ဦး၊ ရန်ကုန်တိုင်းမှာ တစ်ဦး၊ တနင်္သာရီတိုင်းမှာ ၁၃ ဦး၊ ကချင်ပြည်နယ်မှာ ၃၁ ဦး၊ ရှမ်းပြည်နယ်မှာ ၈၁ဦး၊ ကယားပြည်နယ်မှာ ၃၁ဦး၊ ကရင်ပြည်နယ်မှာ ၁၉ဦး၊ မွန်ပြည်နယ်မှာ ၁၇ဦး၊ ချင်းပြည်နယ်မှာ ရှစ်ဦး၊ ရခိုင်ပြည်နယ်မှာ ၁၁၉ဦးနဲ့ ပဲခူးတိုင်းမှာတော့ ၄၆ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းတွေအနေနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ခြောက်ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ငါးဦး၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိတာကြောင့် သုံးဦး၊ ကျည်ထိမှန်မှုကြောင့် သုံးဦးတို့ အသီးသီးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ၂၀၂၅ ခုနှစ်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၆ ဦး၊ လက်နက်ကြီးကြောင့် ၁၆၄ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄၁ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၂၆ ဦး စုစုပေါင်း ၈၁၅ ဦးအထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း​ BWUကဆိုပါတယ်။

ဒီအချက်အလတ်တွေဟာ သတင်းမီဒီယာတွေနဲ့ လက်လှမ်းမှီတဲ့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ ကောက်ယူစုဆောင်းထားတာကြောင့် ကွဲလွဲမှုရှိနိုင်သလို မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မန္တ​လေးတိုင်းအတွင်းက စစ်အုပ်စုအကြမ်းဖက်လုပ်ရပ်တွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ပြီးးခဲ့တဲ့ ဒီဇင်ဘာလက မြင်တွေ့ရပုံ။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button