ရွှေဥ/MFP၊ ဇန်နဝါရီ – ၁၅
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာမှာ စစ်အုပ်စုကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ မဲရုံစောင့်တာဝန်ကျနေတဲ့ စစ်အုပ်စုတပ်သားသုံးဦး လက်နက်နဲ့အတူ ဇန်နဝါရီ ၁၄ ရက်က အလင်းဝင်ရောက်လာတယ်လို့ မော်လိုက်မြို့စစ်ရေးသတင်းရင်းမြစ်တွေက MFPကို အတည်ပြု ပြောပါတယ်။
အလင်းဝင်ရောက် လာသူတွေဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်သလို မုံရွာမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး စစ်အုပ်စုရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရသူတွေလို့ သူဆိုပါတယ်။
စစ်အုပ်စုတပ်က စစ်မှုထမ်းအပတ်စဉ်- ၁၇ အတွက် သူတို့ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပြီး ရက်တိုစစ်သင်တန်းပေးပြီးနောက် ရှေ့တန်းစစ်မျက်နှာပြင်တွေကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့သုံးဦးဟာ မိုးကောင်းကျေးရွာမှာရှိတဲ့ မိုးကောင်းဘုန်းကြီးကျောင်းမှာ မဲရုံစောင့်အဖြစ် တာဝန်ကျနေတာဖြစ်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ကာ မော်လိုက်ခရိုင် တပ်ရင်း -၄ ထံကို အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“သေနတ်က MA1 သေနတ်သုံးလက်ပါ၊ပြည့်သူ့ရင်ခွင်ကနေ တဆင့် ချိတ်ဆက်လာတာပါ။ မုံရွာမြို့နယ်ကပါ၊ အပတ်စဉ် ၁၇ က အဓမ္မစစ်သားစုဆောင်းခံရသူတွေပါ “
လက်ရှိအချိန်မှာတော့ အလင်းဝင်ရောက်လာသူသုံးဦးကို စစ်စည်းကမ်းနဲ့အညီ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ရှောက်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မော်လိုက်မြို့နယ်အတွင်းမှာ အာဏာသိမ်ငါးနှစ်ကျော် ကာလအတွင်း စစ်အုပ်စုနဲ့ ပျူစောထီးတွေအထဲက လက်နက်ယူဆောင်လာသူနဲ့ လက်နက်မဲ့ အလင်းဝင်လာသူ ၂၀ ကျော် ရှိတယ်လို့ မော်လိုက်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ ၂၀၂၄ ထုတ်ပြန်ချက်မှာတော့ အပတ်စဉ် ၁ ကနေ ၅ အထိ နိုင်ငံတစ်ဝန်းက လူပေါင်း ၂,၁၀၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – ပေးပို့။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



