စစ်ကိုင်းသတင်း

ဝက်လက်မှာ နှစ်လအတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်နဲ့ကလေးငယ်တွေအပါအဝင် အရပ်သား သုံးဆယ်ကျော်သေဆုံး၊

MN/MFP ၊ ဇန်နဝါရီ – ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ ၂၀၂၅ခုနှစ် ဒီဇင်ဘာလကနေ ဇန်နဝါရီ ၂၇ ရက်အထိ နှစ်လအတွင်းမှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် သံဃာတော်နှစ်ပါးနဲ့ ကလေးငယ်တွေအပါဝင် စုစုပေါင်းဒေသခံ ၃၂ ဦး သေဆုံးကာ ၅၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လထဲမှာပဲ တိုက်ပွဲမရှိနေတဲ့ ဝက်လက်နယ်အတွင်းက အရပ်သားပြည်သူတွေနဲ့ စစ်ရှောင်တွေနေထိုင်တဲ့ ရွာတွေကို လေကြောင်းကနေ ၁၄ ကြိမ် ဗုံးကြဲခဲ့တာကြောင့် သံဃာတော် နှစ်ပါးနဲ့ ကလေးငယ်တွေအပါဝင် အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆ ဦး သေဆုံးခဲ့ကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ ကားတွေ ပျက်စီးသွားတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလထဲမှာလည်း ဝက်လက်နယ်ထဲမှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လသားအရွယ် ကလေးငယ်အပါဝင် လေးဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်ဒီနေ့မနက်ပိုင်းကလည်း ဝက်လက်နယ်တောင်ပိုင်းက ပေါက်ကန်ဘူတာရွာကို တိုက်ပွဲမရှိဘဲ စစ်အုပ်စုကဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက်ကလည်း ဝက်လက်နယ်အရှေ့ခြမ်းရှိ ညောင်ကန်ရွာ စာသင်ကျောင်းကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာ တစ်စင်းနဲ့ ပေါင် ၂၀၀ ဗုံးသီး လေးလုံးကြဲချကာ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး သေဆုံးကာ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စု ဒရုန်းနဲ့ လေကြောင်းက ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့ ပေါက်ကန်ဘူတာရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပေါင် ၃၀၀ ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့တာကြောင့် နှစ်လသား အရွယ် မွေးကင်းစ ကလေးတစ်ဦးအပါဝင် အသက် ၇၀ နဲ့ အသက် ၆၀ အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ နိုင်ငံတဝန်းမှာ စစ်အုပ်စု လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၃၂၆ ဦး သေဆုံးခဲ့ပြီး ၄၁၄၆ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး နေအိမ်ပေါင်း ၃၅၇၆ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၂ လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ လုံးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က အခုလအတွင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းဦးနယ် ဆီမီးသပိတ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button