စစ်ကိုင်းသတင်း

မော်လိုက်မှာ စစ်အုပ်စုလက်ကျန်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လနဲ့ချီအကြာ ရိက္ခာဖြတ်တောက်ထားဟုဆို၊

ကိုသူ/MFP ၊ ဇန်နဝါရီ-၂၈

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုစခန်းတွေကို သိမ်းခိုက်သိမ်းပိုက်ကာ လက်ကျန်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ကာ လနဲ့ချီအကြာရိက္ခာဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက မော်လိုက်မြို့နယ်အတွင်းက ဖဲကဇက် ၊ရန်ကင်းတောင် ၊ရွှေသမင်တောင်စတဲ့ စစ်အုပ်စုစခန်းတွေနဲ့ ဆက်သွယ်ရေးအချက်အခြာကြတဲ့ လမ်းမကြီးကို စိုးမိုးထိန်းချုပ် ထားတာဖြစ်ပါတယ်။

စစ်အုပ်စုစခန်းငယ်တွေကို ထိန်းချုပ်ထားပြီးနောက် မော်လိုက်မြို့ပေါ်နဲ့ကျေးရွာငါးရွာက စခန်းတွေကိုတော့ ဝိုင်းဝန်းပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ထားတယ်လို့ မော်လိုက် မြို့နယ် ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောပါတယ်။

“အုပ်စု နှစ်ခုပဲကျန်တာ မော်လိုက်ကလေး၊ ကင်းတပ်၊ ရှားပင် ၊အိုးဖို ၊တိန်းသာ ၊ဆွတ်နန်း ရွာခြောက်ရွာပဲ ကျန်တော့တယ်။ ဝိုင်းထားတာက ကြာပြီ “
စစ်အုပ်စုစခန်းတွေကို လနဲ့ချီပြီး ပိတ်ဆို့ထားတာကြောင့် အဲဒီစခန်းတွေမှာရှီနေတဲ့ စစ်အုပ်စုအင်အားငါးရာခန့်ဟာ ရိက္ခာပြတ်တောက်မှု‌တွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် စစ်အုပ်စုတပ်ဟာ ကလေးမြို့နယ်ကနေတဆင့် ကလေး၀လမ်းမကြီးအတိုင်း မော်လိုက်မြို့နယ်ကို လက်နက် ရိက္ခာတွေ ပိုဆောင်တာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကင်းတပ်နဲ့ တိန်းသာ ကျေးရွာအနီးမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေ မကြာခဏတိုက်ပွဲငယ် ဖြစ်ပွားနေပြီးတော့ဖဲကဆက် ၊ကင်းတပ် ၊ရှားပင် ၊အိုးဖို ၊တိန်းသာ ၊ဆွတ်နန်း ကျေးရွာက ဒေသခံ ငါးထောင်ကျော်လဲ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

မော်လိုက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်က ဖော်ဆောင်ခဲ့တဲ့ သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်အုပ်စုစခန်းရှစ်ခုနဲ့ ကျေးရွာပေါင်း (၁၇ )ရွာကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်အုပ််စု (၁၀၀) ကျော် သေဆုံးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုဖြစ်တဲ့ Mawlaik Revolution က ၂၀၂၅ နိုဝင်ဘာလ(၂၄)ရက်မှာ ထုတ်ပြန်ထားပါတယ်။

⁨ ⁨Photo – Mawlaik Revolution⁩
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button