နန်းယု/MFP၊ ဇန်နဝါရီ – ၂၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အင်အား ၃၀၀ ကျော်ပါဝင်တဲ့ စစ်အုပ်စုစစ်ကြောင်းတွေက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို ဝင်
ရောက်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ၁၄ရွာက ဒေသခံကိုးထောင်နီးပါး စစ်ဘေးရှာင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဝက်လက်နယ်အရှေ့ခြမ်းက သစ်ဆိပ်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကူကြီး၊ ရေဂမိုး၊ မင်းရွာတောင်၊ ရေလည်မှော်၊ ရွာသာ၊ နတ်မှော်ဦး၊ အင်ဒေါင်း၊ လှေပို့ဆိပ်၊ ရွာသစ်၊ ကမ်းဖြူ စတဲ့ ကျေးရွာ ၁၄ ရွာက အိမ်ထောင်စု ၁,၇၇၇ စု၊ လူဦးရေ ၈,၅၆၆ ဦးဟာ နှစ်လနီးပါးအကြာ စစ်ဘေးရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် ဒေသခံတွေဟာ တောတောင်တွေအထဲမှာ ဖြစ်သလိုနေထိုင်နေကြရပြီး စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးအတွက် အမိုးအကာနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“စစ်ဘေးရှောင်ပြည်သူတွေဟာ အလုပ်အကိုင် မရှိတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေရပြီး နေထိုင်စရာလည်း အလွန်ခက်ခဲနေပါတယ်” လို့ ဝက်လက်မြို့နယ် လူထုသပိတ်
တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်မှာ လတ်တလောကာလအတွင်း စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးမှုအပြင် လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်းမှာပဲ သံဃာတော်များအပါအဝင် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။
ဝက်လက်နယ် အရှေ့မြောက်ခြမ်းကို ရောက်ရှိနေတဲ့ အင်အား ၁၆၀ ခန့်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဒီနေ့မှာပဲ ထုံးဘိုရွာ အနောက်တောင်ဘက်ရှိ တဲတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာသစ်ရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုး စီးနင်းဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
“တောထဲမှာရှိတဲ့ တဲတွေကိုပါ မီးရှို့နေတာပါ။ ဒီစစ်ကြောင်းက ၂၀၂၅ ဒီဇင်ဘာ ၂၅ ရက်က ဝင်လာပြီး အခုထိ မပြန်သေးဘဲ တောင်ဘက်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတာပါ” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်နဲ့ တဲတွေ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေအသေးစိတ်ကို MFP အနေနဲ့ အတိအကျမသိရသေးပါဘူး။
ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



