စစ်ကိုင်းသတင်း

မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့ ထီးချိုင့်မြို့အပါအဝင် နိုင်ငံတစ်ဝန်းက ၆၃ မြို့မှာ စစ်အုပ်ချုပ်ရေး သက်တမ်းဆက်တိုး၊

ရွှေဥ/MFP၊ ဇန်နဝါရီ – ၃၀

စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်မြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းက ၆၃ မြို့နယ်မှာ ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေး ဆက်ထားရှိမယ်လို့ စစ်အုပ်စုတပ်က ဇန်နဝါရီလ ၂၉ ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေအထဲမှာ စစ်ကိုင်းတိုင်းအတွင်းက ထီးချိုင့်၊ ကောလင်း၊ ပင်လယ်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်စတဲ့ မြို့နယ်ကိုးခုအထိ ပါဝင်ပြိး အဲဒီအထဲက အင်းတော်၊ ကောလင်း၊ ထီးချိုင့်နဲ့ပင်လယ်ဘူးတို့ဟာ တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။ 

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ မြို့နယ် ၆၃ မြို့နယ်ကို ရက်ကိုးဆယ် ၉၀ စစ်အုပ်ချုပ်ရေးအဖြစ် အရေးပေါ် အခြေအနေ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီအမိန့်ကိုတော့၂၀၀၈ ဖွဲ့စည်းပုံအခြေပုံဥပဒေ ပုဒ်မ -၄၁၂(က)အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇူလိုင် ၃၁ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သောအမိန့် အမှတ် (၁/၂၀၂၅)ကို ၁၃၈၇ ဝါခေါင်လဆန်း (၇) ရက် ၊၂၀၂၅ ဇူလိုင် (၃၁) ရက်စွဲဖြင့်ထုတ်ပြန်၍ ယင်းအမိန့်တွင် ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။ယင်းအမိန့်သည် ယနေ့မှစ၍ နောက်ထပ် ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်”လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းက ထီးချိုင့် ၊ကောလင်း၊ပင်လယ်ဘူး၊ခင်ဦး ၊ဝက်လက်၊ကနီ၊ဒီပဲယင်း၊ပုလဲ၊အင်းတော် မြို့နယ်ကိုးခု ၊မန္တလေးတိုင်းက မိုးကုတ်၊စဉ်းကူး၊ငါန်းဇွန်မြို့နယ် သုံးမြို့နယ် ၊မကွေးတိုင်း ၊ပေါက် ၊မြိုင် ၊ဆော၊ထီးလင်း၊ရေစကြို ငါးမြို့နယ် ၊ချင်းပြည်နယ် ကန်ပက်လက် ၊ထန်တလန်၊ပလက်ဝ ၊တွန်းဇံ ၊မင်းတပ်၊မတူပီ၊ဖလမ်းမြို့နယ် ခုနှစ်ခုနဲ့ ကချင်ပြည်နယ်တွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် သုံးမြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊  ရခိုင်ပြည်နယ်တွင် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ်တွင်  ၁၅ မြို့နယ် တို့ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ် စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားတဲ့ မြို့နယ်တွေအထဲမှာ အာရက္ခတပ်တော်(AA)၊  “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့ ကိုးကန့်တပ် (MNDAA)တို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်း ပါဝင်နေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ 

#Mandalay_Free_Press_MFP 

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button