စစ်ကိုင်းသတင်း

အင်းတော်မှာ စစ်အုပ်စုလေကြောင်း တိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားရှစ်ဦး အစုလိုက်အပြုံလိုက်သေဆုံး၊

ရွှေဥ/MFP၊ ဇန်နဝါရီ – ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို ဇန်နဝါရီလ ၂၉ ရက် ည၉ နာရီကျော်မှာ စစ်အုပ်စုတပ်က လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာကြောင့်တစ်အိမ်တည်းနေ မိသားစုဝင်ခုနစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ Indaw Revolution-IR က ဇန်နဝါရီ ၃၀ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုတပ်ဟာ လေဘိုကျေးရွာကို ပေါင်ငါးရာဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်အတွင်းကျရောက်ပေါက်ကွဲကာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် တစ်အိမ်ထဲနေထိုင်နေတဲ့ မိသားစုဝင်ခုနှစ်ဦးနဲ့နောက်ထပ်ပြည်သူတစ်ဦး စုစုပေါင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ Indaw Revolution-IR ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နှစ်စုဖြစ်သွားမှာပါ။တစ်စုက ခုနှစ်ဦးပါ။ကလေးနှစ်ဦးမှာတစ်ဦးက အမျိူးသား ပါ၊တစ်ဦးအမျိုးသမီး ။လူကြီးတွေလမ်းပေါ်တလုံး ကျတာဆိုတော့။မျက်နှာချင်းဆိုင်နှစ်အိမ်ကတော့ ပျက်စီးသွားပါတယ်ဗျ။ပွဲချင်းပြီး ဆိုးဆိုးရွားရွားကို ဆုံးရတာပါဗျ’

သေဆုံးသူတွေအထဲမှာတော့ အသက်မပြည့်တဲ့ကလေးငယ်နှစ်ဦး၊ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦးဖြစ်ပြီးတော့ ဗုံးကျရောက် ပေါက်ကွဲမှုပြင်းထန်တာကြောင့် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေဟာ တစစီပြန့်ကြဲကုန်တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁) ရက် ညပိုင်းကတလည်း မော်လူးမြို့၊ မာန်ဟဲရွာအနီးက ပကဖစခန်းကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် ပကဖတပ်သားငါးဦး သေဆုံးခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်ဇန်နဝါရီ ၂ရက်နေ့မမော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့်ကျောင်းသူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက အရပ်သား ၇,၇၂၉ ဦး သေဆုံးခဲ့ကာ ၃၀,၃၃၄ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Indaw Revolution-IR
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button