စစ်ကိုင်းအညာမြေ တော်လှန်ရေး

ပုလဲမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ ပြည်သူတွေ စစ်ရှောင်ရတာ လဝက်ကျော်ရှိလာပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊

MFP၊ မတ် – ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ လတဝက်ကျော် ရှိလာပြီး စားသောက် နေထိုင်ရေး ခက်ခဲနေတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက MFP ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၄ရက်က စတင်ကာ ပုလဲမြို့နယ် မြောက်ခြမ်းရှိ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက အင်အား ၃၀၀ ကျော်နဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့ နေသလို နေ့စဉ်ရက်ဆက် လေကြောင်း ဗုံးကြဲတာကြောင့် ကျေးရွာ ၁၀ရွာကျော်က ပြည်သူတွေ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာနဲ့ တောတောင်တွေထဲ ခိုလှုံနေထိုင်ကြရတာ ဖြစ်ပြီး အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်တယ်လို့ ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးကတော့ ရောက်ရာအရပ် သူများတွေက အလုပ်လုပ် ခေါ်ရင် လိုက်တယ်၊ အဲ့လိုလေးတွေနဲ့ စားဝတ်နေရေးကတော့ ဖြေရှင်းနေရတာပ။ လောက်သလောက်လေးနဲ့ စားရတာ၊ လုပ်ရတာပ၊ မပြေလည်တာက များပါတယ်။ သူများဟာ တစ်နေ့လိုက်မှ ၇၀၀၀၊ ၈၀၀၀ ရတာဆိုတော့။ အဆင်မပြေတာတော့ ရှိပါတယ် မိုးမလုံ၊ လေမလုံ နေရတယ်။ နီးစပ်ရာ သူများအိမ် အကူအညီတောင်းရတယ်၊ အိပ်ပါဦးမယ်၊ ပြုပါဦးမယ် ပြောရတာပ။ မိုးလည်းမလုံ၊ လေလည်း မလုံဘူး၊ တဲလေးက ဖြစ်သလိုလေး”

တချိန်တည်းမှာပဲ ပုလဲနယ် ကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)၊ ဂျိုင်အိုကော်ပတာ (Gtrocopter) တွေနဲ့ နေ့စဉ် ရက်ဆက် ဗုံးပတ်ကြဲနေပြီး လွတ်အောင် မရှောင်နိုင်တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၄ရက် တစ်နေ့တည်းမှာပဲ ပုလဲနယ်မြောက်ပိုင်းရှိ၊ ပိတောက်ကုန်းကျေးရွာနဲ့ မရိုးတုန်းကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာတွေနဲ့ ဗုံးပတ်ကြဲခဲ့ရာ ကလေးသူငယ်နဲ့ အဖိုးအဖွားတွေ အပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ခြောက်ဦး သေဆုံးပြီး အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။

သေဆုံးသူတွေဟာ စစ်ဘေးရှောင်ထွက်မပြေးနိုင်လို့ အိမ်မှာ ကျန်ရစ်သူတွေ ဖြစ်ပြီး တချို့က ဗုံးထိမှန်သေဆုံးကာ အဖိုးအဖွားတွေကတော့ ဗုံးကြဲခံရလို့ အိမ်မီးလောင်ချိန် အိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ချင်ပျစ်၊ ချင်ပျစ်ကျင်း၊ နွယ်အင်း၊ မုံသွင်၊ ပေါက်သဖ၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်တော်ဦး စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ရက် ၂၀ ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပုလဲနယ်ထဲ ကျေးရွာတွေကို စီးနင်းလုယက်နေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကြား ဖေဖေါ်ဝါရီ လကုန်ပိုင်းနဲ့ မတ်လဆန်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းထားဆဲမို့ ပြည်သူတွေ နေရပ်ပြန်ခွင့်ရဖို့ မလွယ်သေးဘူးလို့ ကိုယ်တိုင် စစ်ရှောင်နေရသူတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ကျေးရွာတွေကို စီးနင်းချိန် နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေကို ကားနဲ့တင်ကာ ပုလဲမြို့ပေါ်နဲ့ ဇီးဖြူကုန်းရွာ ပျူစခန်းဘက် သယ်ထုတ်ယူဆောင်သွားသလို စားနပ်ရိက္ခာတွေကိုလည်း ဖောက်ထွင်းလုယက်ပြီး စုဆောင်းထားကာ ကျေးရွာတွေထဲ ရေရှည်တပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပုလဲနယ်က စစ်ဘေးရှောင်တွေနဲ့ မတ်လ ၁၂ရက်နဲ့ ၁၃ရက်မှာ စစ်အုပ်စုက ပုလဲနယ် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button