PSA (အသိပညာပေး)

ဟောင်ဝစ်ဇာ လက်နက်ကြီး အန္တရာယ် သတိပြု ကာကွယ်ပါ

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကို ဖြန့်ကျက် တပ်ဆင်ထားပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးကာလ ခုခံတော်လှန်မှု အားကောင်းတဲ့ အညာဒေသက မြို့နယ်အဆင့် မြို့တိုင်းမှာ ၂၀၂၃ ကစလို့ အနည်းဆုံး ဟောင်ဝစ်ဇာ လက်နက်ကြီး တစ်ခု တပ်ဆင်ထားပြီး တိုက်ပွဲမရှိတဲ့ အချိန်မှာတောင် ဘေးပတ်ဝန်းကျင်ကို ရမ်းကားပစ်ခတ်တာ၊ စမ်းသပ် ပစ်ခတ်တာတွေ လုပ်နေပါတယ်။

ဟောင်ဝစ်ဇာ လက်နက်ကြီးအကြောင်း သိထားသင့်တဲ့ အချက်တွေကို MFP က စုစည်း ဖော်ပြအပ်ပါတယ်။

ဟောင်ဝစ်ဇာ လက်နက်ကြီးရဲ့ ဖျက်အားနဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေး

၁၂၂ မမ အမြောက်ကျည်တွေကို ပစ်ခတ်နိုင်တဲ့ လက်နက် အမျိုးအစား ဖြစ်ပြီး ဖျက်အားပြင်းတာကြောင့် ဟောင်ဝစ်ဇာ အမြောက်လို့လည်း ခေါ်ကြပါတယ်။

ဟောင်ဝစ်ဇာလက်နက်ကြီးမှာ သုံးတဲ့ ၁၂၂ မမ ကျည် အများအပြားကို တပြိုက်နက် ပစ်ခတ်နိုင်အောင် ပြုပြင်ပြီး အတွဲလိုက် ပစ်စင် (multiple rocket launcher) တွေ အသုံးပြု ပစ်ခတ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အတွဲလိုက် ပစ်စင် (multiple rocket launcher) တွေကိုတော့ လိုအပ်တဲ့ နေရာတွေမှာ အလျင်အမြန် ရွှေ့ပြောင်းနိုင်အောင် အပေါ့စား စစ်သုံးကားတွေမှာ တပ်ဆင်အသုံးပြုလေ့ ရှိကြပါတယ်။

ဟောင်ဝစ်ဇာ လက်နက်ကြီးဟာ အကွာအဝေး ၂၂ ကီလိုမီတာဝန်းကျင် (၁၆မိုင်ခန့်)အထိ ပစ်ခတ်နိုင်ပြီး ကျရောက် ပေါက်ကွဲချိန်  မီတာ ၃၀၀ (ပေ ၁၀၀၀ခန့်) အတွင်းရှိနေပါက အသက်သေဆုံးတဲ့အထိ ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

လူအုပ်စုလိုက်သေစေဖို့၊ စစ်အခြေစိုက် စခန်းတွေနဲ့ အဆောက်အဦးတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးကို အသုံးပြုတာမို့ လူအများ စုဝေးရာနေရာတွေ၊ စစ်ရေး အခြေစိုက် စခန်းတွေ၊ စစ်ရေး ပစ်မှတ်ထားနိုင်တဲ့ အဆောက်အဦးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပါ။

ဟောက်ဝစ်ဇာအမြောက် တပ်ဆင်အသုံးပြုတဲ့ စစ်စခန်းတွေကနေ ၁၆ မိုင်အတွင်း နေထိုင်ပါက ချက်ချင်း ပြောင်းရွှေ့ပါ။ တင့်ကားနဲ့ စစ်သုံးကားတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်တာမို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေ၊ စစ်အုပ်စု ချီတက်အသုံးပြုတဲ့ လမ်းတွေကနေ မိုင် ၂၀ အဝေးက ရှောင်ကွင်း သွားလာပါ။

သတိပြုဖို့

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရချိန် အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ဝင်ရောက်ပုန်းခိုပါ။ နေအိမ်အတွင်း ရှိနေပါက နေအိမ် အဆောက်အဦးရဲ့  အလုံအခြုံဆုံး အခန်းကို ပုန်းခိုစရာအဖြစ် ရွေးချယ်ပါ။ အတတ်အနိုင်ဆုံး ပြတင်းပေါက်တွေ မရှိတဲ့ အခန်းကို ရွေးချယ်ပါ။ ပြတင်းပေါက်တွေ ရှိပါက ပြတင်းပေါက်နဲ့  ဝေးတဲ့ နေရာက စာပွဲလို အကာအကွယ်တွေအောက် ဝင်ရောက် ပုန်းခိုပါ။ ကွင်းပြင်၊လေဟာပြင်မှာ ရှိနေပါက မြေအနိမ့်ပိုင်း နေရာကို ရှာဖွေပါ။ ဦးခေါင်းကို လက်နှစ်ဖက်နဲ့အုပ်ပြီး တံတောင်နဲ့ မြေကြီးကိုထောက်ကာ မှောက်လျက်နေပါ။

Ref – World War Database

Back to top button