ဘုတလင်ကို စစ်အုပ်စုစစ်ကြောင်း ပြန်ထိုးလာတာကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ
ဘုတလင်ကို စစ်အုပ်စုစစ်ကြောင်း ပြန်ထိုးလာတာကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ
မယ်ပ/MFP၊ စက်တင်ဘာ – ၂၆
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်အုပ်စု စစ်ကြောင်းဟာ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ငါးရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မုံရွာ နမခကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ ဘုတလင်နယ် ဇီးတောအနောက်ရွာမှာ ညအိပ် တပ်ဆွဲနေတာကြောင့် ကံသစ်မြို့ပေါ် ၊ ဇီးတောအနောက်အုပ်စု၊ ပိုးကုန်၊ နှောပင်ရိုး၊ ကံဆွယ်၊ ကျီစုကျေးရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ Budalin Defense Force – BDFက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲဒီဘုတလင်နယ် အနောက်ဇီးတောရွာမှာ အခြေပြုထားတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ဒီနေ့မနက်မှာ မြောက်အရပ်ကို ဦးတည်လှုပ်ရှားခဲ့ပေမဲ့ ကင်းပုန်းလောက်သာအထွက်ပြပြီး ဇီးတောရွာမှာပဲ အခြေပြုတပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဩဂုတ် ၂၀ရက်ကစပြီး ဘုတလင်မြို့နယ်ကို စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်ပိုင်း ရွှေတောင်၊ ပေါက်စိန်ပေါက်၊ ကန်သာ၊ ဇီးတောနဲ့ ထူးကြီးစတဲ့ ရွာပေါင်း ငါးရွာကျော်က နေအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီး ခဲ့ပါသေးတယ်။
နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတွေအနေနဲ့ လတ်တလောမှာ နေထိုင်စရာမရှိဘဲ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ လိုအပ်နေတယ်လို့ ဒေါင်းရာဇာပင်မသပိတ် စစ်ကြောင်းက ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းတွေဟာ ဘုတလင်နယ်အရှေ့ခြမ်း၊ တောင်ခြမ်းနဲ့ မြောက်ခြမ်းတို့ကို ရွာစဉ်လှည့်စစ်ကြောင်းထိုးကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် အခုထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။



