
၄၈ နာရီကျော်ကြာချိန်အထိ ကူညီကယ်ဆယ်ရေး သေချာမလုပ်နိုင်သေး၊
အီသာရမ်၊MN/MFP၊နိုဝင်ဘာ-၂၈
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အင်ရုံကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့ကို စစ်အုပ်စုက လေကြောင်းကနေ နှစ်နာရီကြာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်သွားတာကြောင့် တော်လှန်ရေးရဲဘော် ကိုးဦးနဲ့ ကလေးငယ်တွေ အပါအဝင် စုစုပေါင်း ၂၉ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၃ နာရီခန့်က ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတို့မှာ ဒေသခံပြည်သူ၊ဆရာ၊ဆရာမနဲ့ကျောင်းသားတွေက အလှူပွဲကျင်းပနေချိန်မှာ စစ်အုပ်စုက ပေါင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မကွေးလေတပ်စခန်းက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး လေးလုံးကြဲချတိုက်ခိုက်ခဲ့သလို ကပစ-၈ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်ရွာရဲစခန်းကနေလည်း ဒရုန်း ၇ စင်းတို့နဲ့တိုက်ခိုက်ခဲ့တာကြောင့် ဆရာ၊ဆရာမတွေနဲ့ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးတဲ့သူတွေကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင် ကူညီပေးနေတဲ့ သရက်ခရိုင်တပ်ရင်းက တော်လှန်ရေးရဲဘော် ကိုးဦးလည်း နေရာမှာပဲသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးပြီး ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေကို ကယ်ထုတ်နေချိန်မှာ စစ်အုပ်စုက ဒရုန်းတွေနဲ့ထပ်မံတိုက်ခိုက်သလို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာနဲ့ ကူညီကယ်ဆယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဆက်သွယ်ရေးဖြတ်တောက်ခံထားရတာကြောင့် အင်ရုံကျေးရွာအနီးရှိ ကျေးရွာနှစ်ရွာက ပြည်သူ ၄၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ဒဏ်ရာရသူတွေ ကယ်ဆယ်ရေးနဲ့ဆေးဝါးကုသဖို့အတွက် အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလို ဆေးဝါးကုသဖို့ ခက်ခဲနေတာကြောင့် သေဆုံးသူပြည်သူဦးရေက ထပ်မံမြင့်တတ်လာနိုင်တယ်လို့ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယူနစ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းပြီး အကူအညီပေးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ တာဝန်ခံကပြောပါတယ်။
“လူမဆန်ယုတ်မာရက်စက်မှုတွေအပေါ်မှာ ဥပဒေဆိုင်ရာ ကဏ္ဍအသီးသီးကို တရားမျှတမှုအရေး ဆက်လက်တောင်းဆိုသွားမှာဖြစ်သလို မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းပြီး အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်၊ အရေးပေါ်အတွက် မကွေးယူနစ်အစိုးရ ဘဏ္ဍာငွေထဲကနေ ယခုဖြစ်စဥ်အတွက် ကူညီဖို့ လုပ်ဆောင်နေပါတယ်။ ” လို့ သူကဆိုပါတယ်။
စစ်အုပ်စုဟာ အဆိုပါကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့အထိ အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့လည်း အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။
စစ်အုပ်စုက အရပ်သားပြည်သူတွေကို ဦးတည်ပြီး အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်ပြီး နိုင်ငံတကာဥပဒေအရ အထူးအကာအကွယ်ပေးထားတဲ့ စာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အဦးတွေကို စစ်ရေးပစ်မှတ်သဖွယ် အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်တာနဲ့ ဒဏ်ရာရလူနာတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ ထပ်မံတိုက်ခိုက်ခြင်းတို့မျာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ဂျီနီဗာသဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်ပြီး စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇတ်မှုမြောက်တာဖြစ်တဲ့အတွက် ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကျန်းမာရေး၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးဝါးကုသပေးတာ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးတာနဲ့ ကျဆုံးသူတွေရဲ့ အမည်စာရင်းအသေးစိတ်ကို စိစစ်အတည်ပြုတာတွေလုပ်နေတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဖြစ်စဉ်ကို နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ဖို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ စုစည်းနေပြီး ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ စိုးရိမ်ကြောင်း ထုတ်ပြန်ရုံနဲ့ ရပ်တန့်မနေဘဲ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေတဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနှင့် စစ်ဘက်နည်းပညာ ထောက်ပံ့မှု လမ်းကြောင်းတွေကို ပြတ်ပြတ်သားသား ဖြတ်တောက်ပိတ်ဆို့ဖို့နဲ့ နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်ပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုအနေနဲ့ ပွဲလမ်းသဘင်တွေကို အထူးသတိပြုရှောင်ကြဉ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလကုန်အထိ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၆,၆၅၃) ခု၊ အကြိမ်ရေ (၁၅,၃၂၇) ကြိမ် ကျူးလွန်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၈၅၃) ဦးအပါအဝင် အရပ်သားပြည်သူ (၆,၄၆၇) ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း (၅၆၂) ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ (၈၄၈) ခု ထိခိုက်ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ NUGက ဖော်ပြပါတယ်။



