မကွေးသတင်း

ယောချောင်းရေ မြင့်တတ်လာတာကြောင့် ပေါက်နယ်က စပါးခင်း ဧကနှစ်ရာနီးပါး ရေဝင်နစ်မြုပ်

အီသာရမ်/MFP ၊စက်တင်ဘာ-၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းပြီးနောက် ယောချောင်းရေ မြင့်တတ်လာတာကြောင့် ကျေးရွာတချို့က လယ်ယာစိုက်ခင်း ဧကနှစ်ရာနီးပါး ရေနစ်မြုပ်နေတာ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၃၀ ခန့် မီးလောင်ဆုံးရှုံးထားတဲ့ ရေယာဉ်ကျေးရွာနဲ့  ဇီးဖြူကုန်းနဲ့ သဖန်းချောက်ကျေးရွာတို့က စပါးခင်းတွေ ယောချောင်းရေး မြင့်တက်လာတာကြောင့် ရေဝင်နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းမုန်းတိုင်း ရာဂါဆာ ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်း ထဲမှာ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ပေါက်မြို့နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ယောချောင်းရေ စတင်ရေတတ်လာပြီး စိုက်ခင်းတွေ နစ်မြုပ်နေတာဖြစ်တယ်လို့ ပေါက်မြို့နယ်ဒေသခံ ကို‌လရောင် က ပြောပါတယ်။

“ရွာနားတွေကပ်တော့ စပါးခင်းတွေ ရေထဲပါတာတွေ ရှိတာပေါ့၊အရင် စစ်ကြောင်းမီးရှို့ခံရတဲ့ ရေယာဉ်ရွာက အခု ရေဘေးထပ်ကြုံရတာပေါ့၊စပါးခင်း ရေနစ်တာ ၃ရွာပေါင်းဆို အိမ်ခြေ ရေရင် ၁၄၀”

ပခုက္ကူမြို့အနီးက မြင်းကျွန်း၊ သိမ်းကုန်းနဲ့မရိုးကုန်းကျေးရွာတို့မှာလည်း ဧရာဝတီမြစ်ရေမြင့်တတ်လာပြီး ရေတိုက်စားလာတာကြောင့် ကျေးရွာ‌ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်တချို့ရွေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းအ‌ရှိန်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာ ၄၈ နာရီအတွင်းမိုးအဆက်မပြတ်ရွာသွင်းကာ မြစ်ချောင်းရေများ ဆက်ပြီးတတ်လာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့နဲ့ ထပ်မံရေတတ်လာနိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း ယောချောင်းရေ မြင့်တတ်လာတာကြောင့် ပေါက်မြို့နယ်က ဒေသခံကျေးရွာ ၁၅ ရွာခန့် ပြောင်းရွှေ့နေထိုင်ခဲ့ကြရပြီး ကျေးရွာတချို့က နေအိမ်တွေ ယောချောင်းရေမြင့်တက်မှုနဲ့အတူ မျောပါပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အခုလို မုန်းတိုင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေ ရှောင်တိမ်းနေရချိန်မှာ စစ်အုပ်စုရဲ့ ကပစ -၂၄ ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ မှာ ဆောမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုကို တောင်ကျရေရုတ်တရက်ဝင်ရောက်လာပြီး မင်းတပ်မြို့နယ်ထဲကနေ စစ်ဘေးရှောင်နေရတဲ့ ၂ နှစ်သားအရွယ် ကလေးငယ်နဲ့မိခင် ရေစီးထဲမျောပါ သေဆုံးခဲ့ပါတယ်။

Related Articles

Back to top button