
ဂျီဂျီ/MFP၊ စက်တင်ဘာ – ၂၈
မန္တလေးလို့ ပြောလိုက်ရင် မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် စိုးစံခဲ့တဲ့မြို့တော်၊ ရိုးရာယဉ်ကျေးမှု အနုပညာတွေ ထွန်းကားခဲ့တဲ့ မြို့တော်အနေနဲ့ သိရှိကြသလို ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သာသနိက အဆောက်အအုံတွေ၊ ရှေးဟောင်းလက်ရာတွေ များပြား၊ ထင်ရှား၊ ထွန်းကားခဲ့တဲ့မြို့ အနေနဲ့လည်း ကျော်ကြားပါတယ်။
စည်မျက်နှာပြင်လို ညီညာပြန့်ပြူးတဲ့ မြေပေါ်မှာ လေးထောင့်စပ်စပ်ဝင်းတွေနဲ့ မြို့တည်ထားတာကလည်း စနစ်တကျရှိလှပါတယ်။
ဒီလိုအားသာချက်တွေအပြင် စီမံခန့်ခွဲမှုကောင်းမွန်သလို မြို့ဖွံ့ဖြိုးတိုးတက်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်လက်ထက်မှာတော့ မန္တလေးမြို့ဟာ သပ်ရပ်လှပတာ၊ ဖွံ့ဖြိုးတိုးတက်တာ၊ စနစ်ကျတာ၊ စည်းကမ်းရှိတာ၊ စုစည်းညီညွတ်တာ စတဲ့ အချက်တွေကြောင့်လည်း စံနမူနာမြို့ ဖြစ်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်က ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေး ငလျင်ဒဏ်ကြောင့် အတုန်းအရုန်း လဲပြိုခဲ့ရတဲ့ မြို့တွေထဲမှာ မန္တလေးဟာ ထိပ်ဆုံးက ဖြစ်ပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်ရဲ့ဒဏ်၊ ရန်သူမျိုးတစ်ပါးဖြစ်တဲ့ မီးရဲ့ဒဏ်တွေကို ကျော်လွှားနိုင်ခဲ့တဲ့ မန္တလေးရဲ့ သမိုင်းဝင်နေရာတချို့ဟာ သဘာဝဘေးဖြစ်တဲ့ ငလျင်ဒဏ်မှာတော့ လည်စင်းခံပေးလိုက်ရပါတယ်။
မန္တလေးရဲ့ သမိုင်းဝင်နေရာတွေကို ရှေးဖြစ်ဟောင်း အောက်မေ့သတိရစရာအနေနဲ့ MFP က စုစည်း တင်ပြလိုက်ပါတယ်။

ဆင်ကြီးနှစ်ကောင်
“ဆင်ကြီးနှစ်ကောင်”လို့ ပြောလိုက်ရင် ဈေးချိုရဲ့အနောက်ဘက် ၈၆ လမ်းပေါ်၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာ တည်ရှိတယ်ဆိုတာ မန္တလေးသူ၊ မန္တလေးသားတွေက ချက်ချင်းသိကြပါတယ်။ အနီးဝန်းကျင်မှာ ဘုရားစေတီ၊ ဓမ္မာရုံနဲ့ သာသနိကအဆောက်အဦး မရှိပါဘဲ ဈေးအလယ်ခေါင်မှာ ဆင်ကြီးနှစ်ကောင် ဘာလို့ရှိနေတာလဲဆိုပြီး တွေးမိဖူးကြပါလိမ့်မယ်။
မဟာလောကရံသီ အိမ်တော်ရာစေတီကို အရှေ့ဘက်ကနေ သွားရောက်ဖူးမြော်နိုင်ဖို့ မြောင်းဖြစ်တဲ့ ရွှေတချောင်းကနေ စေတီအရှေ့မုခ်အထိ အုတ်တံတားတစ်စင်းကို တည်ဆောက် ပေးထားတာပါ။ အဲ့ဒီအုတ်တံတားရဲ့ထိပ်မှာ အုတ်ဆင်ကြီးနှစ်ကောင်ကိုပါ တည်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆင်ကြီးနှစ်ကောင်ကို ရွှေတချောင်းမြောင်းရဲ့အနောက်ဘက်၊ ဈေးအလယ်မှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။

ဆင်မင်းတံတားလို့ အမည်တွင်တဲ့ အဲ့ဒီတံတားနဲ့ဆင်ကြီးနှစ်ကောင်ကို အိမ်တော်ရာစေတီ တည်ထားပြီး တစ်နှစ်အကြာ ၁၂၁၁ ခုနှစ်မှာ တည်ထားခဲ့တာဖြစ်လို့ အခုဆိုရင် သက်တမ်းအားဖြင့် ၁၇၆ နှစ်ရှိနေပါပြီ။ တံတားနဲ့ဆင်ရုပ်ကြီးတွေရဲ့ အလှူရှင်က နိဗ္ဗာနပစ္စယနာဂ ဆဒ္ဒန်ဆင်မင်းကြီး ဖြစ်ပါတယ်။
အဲ့ဒီဆင်မင်းဟာ တောတွင်းကနေ ဖမ်းယူရရှိတာဖြစ်ပြီး ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ ဆင်ဖြူတော် ဖြစ်တာကြောင့် နန်းတော်နဲ့ ထားရှိခဲ့ပါတယ်။ ဆင်မင်းဟာ လူစကားကို နားလည်တာ၊ လူလို သိတတ်တာ၊ လူအများအကျိုးအတွက် ဆောင်ရွက်ပေးတာ၊ လူချစ်လူခင် များတာ ဖြစ်သလို ငွေတွေ၊ ပစ္စည်းတွေလည်း ပေါများတယ်လို့ ဆိုပါတယ်။ အဲ့ဒီငွေတွေကို အသုံးပြုပြီး အုတ်တံတားနဲ့ အုတ်ဆင်ကြီးနှစ်ကောင်ကို ပုဂံမင်းက တည်ဆောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

သမိုင်းမှာ အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် သမိုင်းဝင် ဆင်ကြီးနှစ်ကောင်အနက် တစ်ကောင်က လုံးဝမရှိတော့သလို တစ်ကောင်ကလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ မလှမပ ဖြစ်နေရပါပြီ။
ခြင်္သေ့ကြီးနှစ်ကောင်
မဟာလောကရံသီ အိမ်တော်ရာစေတီကို ဖူးမြော်နိုင်ဖို့အတွက် တည်ဆောက်ထားတဲ့ တံတားတစ်စင်း ရှိပါသေးတယ်။ အဲ့ဒီတံတားကြီးရဲ့ တစ်ဘက်ထိပ်မှာ မိချောင်းနှစ်ကောင်နဲ့ ရေသူမပုံကို ထုလုပ်ထားပြီး တခြားတစ်ဖက်ထိပ်မှာတော့ ခြင်္သေ့ကြီးနှစ်ကောင်ကို ထုလုပ်ထားတာပါ။
မိချောင်းတံတားလို့ လူသိများတဲ့ အဲ့ဒီအုတ်တံတားရဲ့နာမည်က မဟာသုဒဿန မိကျောင်းတံတားလို့ အမည်တွင်ပါတယ်။ တံတားကြီးကို ပုဂံမင်းရဲ့ ယောက်ဖတော် တောင်တွင်းကြီးမြို့ဝန် မင်းရဲမင်းခေါင်ကျော်က ၁၂၁၁ ခုနှစ်မှာ ဆောက်လုပ် လှူဒါန်းခဲ့တာလို့ သမိုင်းမှတ်တမ်းတွေမှာ ပါရှိပါတယ်။

တံတားရဲ့တစ်ဘက်တစ်ချက်မှာ တည်ရှိတဲ့ ခြင်္သေ့ကြီးနှစ်ကောင်၊ မိကျောင်းကြီးနှစ်ကောင်နဲ့ ရေသူမပုံကို ဘာကြောင့်ထုလုပ်တယ်ဆိုတဲ့ သမိုင်းကိုတော့ MFP အနေနဲ့ မတွေ့ရှိထားပါဘူး။
သက်တမ်း ၁၇၆ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ မိချောင်းတံတားထိပ်၊ ၃၅ လမ်းနဲ့ ၈၆ လမ်းထောင့်က အမရပူရခေတ် လက်ရာ၊ ခြင်္သေ့ကြီးနှစ်ကောင်လည်း သဘာဝဘေး ငလျင်ကြီးက ဆွဲရမ်းလိုက်လို့ ပြိုကျသွားခဲ့ရပါပြီ။
မန္တလေးတက္ကသိုလ်
နှစ် (၁၀၀) ဝန်းကျင်မှာ တစ်ကြိမ်လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ကြီးမှာ အနှစ်(၁၀၀) သက်တမ်းကျော်စ မန္တလေးတက္ကသိုလ်ကြီးလည်း ပျက်စီးယိုယွင်းခဲ့ရပါတယ်။
သဘာဝဘေးဖြစ်တဲ့ ငလျင်ကြောင့် တိုက်ရိုက်မဟုတ်ပေမယ့် သဘာဝဘေးနဲ့လူလုပ်ဘေး နှစ်မျိုးပေါင်းမှုကြောင့် ဒဏ်သင့်ခံရတဲ့ မန္တလေးမြို့က အမှတ်တရ အဆောက်အဦးကြီးတစ်ခုလည်း ဖြစ်ပါတယ်။
တိုင် ခြောက်လုံးလို့ ခေါ်တွင်ကြတဲ့ မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံကြီးကို ၁၉၂၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ အနက် ၁၂ ပေအထိ အုတ်မြစ်ချတည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်မှာတော့ စိုက်ပျိုးရေးသိပ္ပံအဖြစ် တည်ထောင်ဖွင့်လှစ်ကာ စိုက်ပျိုးရေးသိပ္ပံရဲ့ ပင်မဆောင်အနေနဲ့ စတင် အသုံးပြုခဲ့တာပါ။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ စိုက်ပျိုးရေးသိပ္ပံဝင်းထဲမှာ ဖွင့်လှစ်ထားတဲ့ မန္တလေး ဥပစာကောလိပ်က မန္တလေးယူနီဗာစီတီကောလိပ်အနေနဲ့ ပြန်လည်ဖွင့်လှစ်ရာမှာတော့ အဲ့ဒီ ပင်မအဆောက်အအုံကြီးကို ပြောင်းလဲအသုံးပြုခဲ့တာလို့ မှတ်တမ်းတွေက ဆိုပါတယ်။

မန္တလေးဥပစာကောလိပ်ကနေ စတင်ခဲ့တဲ့ မန္တလေးတက္ကသိုလ် အနှစ် (၁၀၀) ပြည့်တဲ့နှစ်မှာ ကြီးမားခံ့ညားတဲ့ တိုင်ကြီး ခြောက်လုံးရှိတဲ့ အနှစ် (၁၀၀) သက်တမ်းကျော်စ အဆောက်အဦးကြီးဟာ ငလျင်ဘေးမှာ ပြိုကျပုံလဲသွားတာ မဟုတ်ဘဲ ငလျင်လှုပ်ခတ်မှုကြောင့် မီးဘေးသင့်ခံရကာ ပျက်စီးဆုံးရှုံးခဲ့ရ ပြန်ပါတယ်။
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးဗိမာန်
သက်တမ်း (၈၇) နှစ်မှာ နှစ်ပေါင်း (၆၀) ဝန်းကျင်ပဲ အလုပ်လုပ်ရပြီး (၂၇) နှစ်လောက် ချောင်ထိုးခံထားရတဲ့ နေရာတစ်ခု မန္တလေးမြို့မှာ ရှိပါတယ်။
ဒီနေရာကို မြို့ခံပြည်သူတွေက ဂုဏ်ပြုပြီး လှူဒါန်းတည်ဆောက်ထားပေမယ့် အာဏာရှင် အဆက်ဆက်ကတော့ မနှစ်သက်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ အဲ့ဒါကတော့ မန္တလေးမြို့၊ တမ္ပဝတီ သူကြွယ်ကုန်းရပ်မှာရှိတဲ့ အာဇာနည်ဗိမာန်ပဲ ဖြစ်ပါတယ်။

အာဇာနည်ဗိမာန်လို့ လူသိများတဲ့ အဲ့ဒီနေရာမှာဆိုရင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည် ၁၇ ဦးရဲ့ ရုပ်ကလပ်တွေကို မြှုပ်နှံထားသလို အာဇာနည်တွေ ကျဆုံးခဲ့တဲ့ နေရာပြ မြေပုံတွေရဲ့ ကျောက်စာရုံ၊ သမိုင်းမော်ကွန်းကျောက်စာနဲ့ အာဇာနည်ဗိမာန် အဆောက်အဦးတွေ ရှိတာပါ။
မြေနေရာကစပြီး အဆောက်အဦး အားလုံးအတွက် ကုန်ကျစရိတ်ကို မြို့ခံပြည်သူတွေရဲ့ လှူဒါန်းငွေနဲ့ တည်ဆောက်ကာ ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။
တပို့တွဲလပြည့်ကျော် (၇) ရက်ဆိုရင် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးဗိမာန်မှာ အမှတ်တရ အခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိပေမယ့် ၁၉၈၈ ကနေ ၂၀၁၀ ခုနှစ်အထိ၊ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိတော့ အမှတ်တရ အခမ်းအနား ကျင်းပခွင့်မရခဲ့သလို မကျင်းပဖြစ်ခဲ့ပါဘူး။
သက်တမ်း နှစ် ၈၀ ကျော်ရှိတဲ့ သမိုင်းဝင် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးဗိမာန်ဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာတော့ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့က အခြား အဆောက်အဦးတွေ နည်းတူ ပျက်စီးခဲ့ရပြန်ပါတယ်။
မန္တလေးတိုင်းအတွင်းက ရှေးဟောင်းယဉ်ကျေးမှုဇုန်များ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းယဉ်ကျေးမှုဇုန်အနေနဲ့ သတ်မှတ်ထားတဲ့နေရာ မန္တလေးတိုင်းအတွင်းမှာ (၁၀) ခုရှိပါတယ်။ မန္တလေးမြို့က အမွေအနှစ်ဒေသတွေ၊ ပုဂံ-ညောင်ဦး၊ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရား၊ တကောင်း၊ အင်းဝ၊ မြင်စိုင်း၊ ပင်းယ၊ ပလိပ်၊ ဝတီးနဲ့ ပင်လယ်(မိုင်းမော)မြို့ဟောင်း ဒေသတွေ ဖြစ်ပါတယ်။
အဲ့ဒီ ရှေးဟောင်းယဉ်ကျေးမှုဇုန်တွေထဲက မန္တလေးမြို့နဲ့လည်း နီးပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ သွားရောက် လည်ပတ်လေ့ရှိတဲ့ အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်အအုံပေါင်း (၉၆၁) ခုရှိတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲက စစ်ကိုင်းငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံပေါင်း (၆၁၄)ခု ပျက်စီးတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ ဒါကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ သုံးပုံ နှစ်ပုံခန့်ဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
မင်းကြီးစွာစော်ကဲ တည်ထားခဲ့တဲ့ ရွှေစည်းခုံစေတီ၊ ဘကြီးတော် စစ်ကိုင်းမင်း တည်ဆောက်ခဲ့တဲ့ လေးထပ်ကျောင်းနဲ့ နန်းမြင့်မျှော်စင်တွေဟာ လုံးဝပြိုပျက်ခဲ့ရသလို မယ်နုအုတ်ကျောင်းကတော့ မြောက်ဘက်တစ်ခြမ်း ပြိုကျသွားခဲ့တာပါ။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်ဒေသနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဘုရား/စေတီ၊ သိမ်/ဇရပ်၊ မြို့တံခါး/ မြို့ရိုး/ ပြဿာဒ်၊ ဘုန်းကြီးကျောင်းနဲ့ အခြား ယဉ်ကျေးမှု အဆောက်အအုံပေါင်း (၁,၇၉၉) ပျက်စီးခဲ့တာဖြစ်ပြီး သာသနိကအဆောက်အဦးနဲ့ ဘုရားစေတီပေါင်း (၄,၇၀၄) ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်အုပ်စု လက်အောက်ခံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုပါတယ်။
ဒါ့အပြင် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်ဒေသက ဦးခေါင်းတော်ပြတ်၊ လက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ပျက်စီးတဲ့ ဆင်းတုတော် စုစုပေါင်း (၇၈) ဆူရှိတယ်လို့ စစ်အုပ်စု ထုတ်ပြန်ပါတယ်။
ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနဲ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေထဲမှာ ယဉ်ကျေးမှုအမွေ အနှစ်တန်ဖိုးကြီးမားတဲ့ အဆောက်အအုံ ပေါင်း (၅၁၆) ဆူ ပါရှိပြီး အဲ့ဒီအဆောက်အအုံတွေရဲ့ ပျက်ပုံအတိုင်း ဒါမှမဟုတ် သင့်တော်တဲ့ အနေအထားအတိုင်း ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်အရ ဌာနရဲ့အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေနဲ့ ပြုပြင် ထိန်းသိမ်းမယ်လို့ စစ်အုပ်စု လက်အောက်ခံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေမီဉာဏ်ဝင်းက MRTV နဲ့ အမေးအဖြေကဏ္ဍမှာ ပြောကြားထားပါတယ်။
မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကတော့ မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ရန်သူမျိုး ငါးပါးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရင် ပြုပြင်ဖို့၊ တည်ဆောက်ဖို့အတွက် မြန်မာမှုပညာရှင်၊ ငလျင်ပညာရှင်၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုပညာရှင် စတဲ့ နောက်ပေါက်ပညာရှင်ကနေ ပညာရှင်ကြီးတွေ အထိ ပါဝင်တဲ့ သီးခြားအဖွဲ့အစည်းတစ်ခု ရှိသင့်တယ်လို့ ပြတ်ရွေ့သောက နိုးထမန္တလေး ဆိုတဲ့ စာအုပ် မိတ်ဆက်ပွဲမှာ ပြောပါတယ်။
“ငလျင်က ပေးလိုက်တဲ့ သင်ခန်းစာအရ ရှေ့လျှောက် ကျွန်တော်တို့သည် သဘာဝဘေးဒဏ်ဆိုတာ လာတော့မယ်။ သဘာဝဘေးဒဏ် ကြုံတိုင်းကြုံတိုင်း ဒါတွေကို အသစ်ဆောက်မလား။ အဟောင်းပြင်မလား။ ဘယ်လိုပုံစံ ပြင်မလဲ။ ဘယ်လိုပုံစံ အသစ်ဆောက်မလဲ။ ဒီနေရာကို ဒီအဆောက်အဦး ဆောက်သင့်သလား။ ဒီနေရာကို ဒီစက်ရုံ လုပ်သင့်သလား။ ဒီနေရာကို ဒီဟိုတယ် လုပ်သင့်သလား။ ဒီနေရာဆို ဒီအမြင့်လုပ်သင့်သလား။ ဒီပြဿာဒ်ဆို ဒီအချိုးကို ဖြစ်သင့်သလား ဆိုတဲ့ မန္တလေးရဲ့ ဂုဏ်ဆောင် ပညာရှင်အဖွဲ့ကြီးက ဆုံးဖြတ်ပေးတဲ့ကာလကို မျှော်လင့်ပါတယ်” လို့ ဆရာဆူးငှက်က စာအုပ်မိတ်ဆက်ပွဲမှာ ပြောပါတယ်။
ငလျင်ဘေးအလွန် မန္တလေးမြို့
အခု ဖော်ပြခဲ့တဲ့ နေရာတွေ၊ ရုပ်တုတွေ၊ အဆောက်အဦးတွေထဲက မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးကိုတော့ စစ်အုပ်စုရဲ့ အစီအစဉ်နဲ့ ပြန်လည်ပြုပြင်နေပါပြီ။
ထိခိုက်ပျက်စီးတဲ့ သာသနိက အဆောက်အဦးနဲ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေထဲမှာ ဆိုရင်လည်း (၂၃) ဆူ ပြုပြင်ပြီးစီးသွားပြီဖြစ်ပြီး လက်ရှိပြုပြင်ဆဲ (၃၁) ဆူရှိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

မန္တလေးမြို့က ရှေးဟောင်း သမိုင်းဝင် မြန်မာမှုလက်ရာတွေဖြစ်တဲ့ ဆင်ကြီးနှစ်ကောင်၊ ခြင်္သေ့ကြီးနှစ်ကောင်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်နဲ့အတူ မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး) အနောက်ဘက် စောင်းတန်းက ခြင်္သေ့ကြီးနှစ်ကောင်လို တခြားသော မြန်မာမှု အနုလက်ရာတွေ နေရာမှာ အသစ်အဆန်းတွေ အစားထိုးဝင်ရောက်လာမလား။ ပြန်လည်တမ်းတ လွမ်းဆွတ်စရာ မြင်ကွင်းဟောင်းအနေနဲ့ပဲ ဖြစ်သွားမလားဆိုတာကတော့ မြို့နေလူထုက ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



