သတင်း

အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပြင် လိင်စိတ်ခံယူမှုကွဲပြားသူတွေကို  PDF ရဲဘော်တွေ စစ်ဘက်ဆိုင်ရာကျင့်ဝတ် ချိုးဖောက်ပါက တိုင်ကြားနိုင်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန အသိပေး

MN/MFP ၊ စက်တင်ဘာ – ၂၉ 

ပဋိပက္ခအတွင်းမှာ ထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ (LGBTIQ+)တွေနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးအင်အားစုတွေနဲ့ PDF ရဲဘော်တွေက အကာကွယ်ပေးရမှာဖြစ်ပြီး အဲဒီလို အကာကွယ်မပေးဘဲ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ ချိုးဖောက်ခဲ့ပါက တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက် ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လိုက်နာရမဲ့ စက်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာ ပဋိပက္ခကာလအတွင်း ထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့ ကလေးငယ်တွေအပေါ် သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါပျက်စီးစေတာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာနဲ့ တပ်သားသစ် စုဆောင်းတာ၊ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့  (LGBTIQ+) အပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖိနှိပ်တာတွေဟာ ပဋိပက္ခကာလအတွင်းမှာ လိုက်နာစောင့်ထိန်းရမဲ့ အချက်တွေဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုထားပါတယ်။

အဲဒီလို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေထဲမှာပါဝင်တဲ့ ပဋိပက္ခအတွင်း ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ (LGBTIQ+) အပေါ်မှာ ကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင် ပြည်သူလူထုအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ တိုင်ကြားနိုင်ဖို့ရာအတွက် တိုင်ကြားရေးယန္တရားတွေ ဖွင့်လှစ်ထားပြီဖြစ်တယ်လို့လည်း လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်က တဆင့် အသိပေးထားပါတယ်။

လက်ရှိမှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အဲဒီလို စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာဖို့အတွက် မြေပြင်မှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေက အသိပညာပေးတဲ့သင်တန်းတွေကို ပို့ချပေးတာတွေ လုပ်ဆောင်ပေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဲဒီလို ပဋိပက္ခအတွင်း ထိခိုက်လွယ်တဲ့အုပ်စုတွေကို အကာကွယ်ပေးထားပြီးသားဖြစ်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို အခြေခံထားတဲ့ နိုင်ငံတကာစံပြုသတ်မှတ်ချက်တွေကိုလည်း ပြည်သူ့ကာကွယ်ရေးအင်အားစုတွေအနေနဲ့ လိုက်နာနိုင်ဖို့ NUG ကလည်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းအနေနဲ့ အဲဒီလို စစ်သည်တော်ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာပြီး ပြည်သူကိုမျက်နှာမူတဲ့ ကာကွယ်ပေးနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာ သက်သေပြသကာ ပြည်သူနဲ့တသားတည်း ရှိနေကြရမှာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button