ကနီ ချောင်းမရွာ တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်လံ သုတ်သင်၊ အလောင်းနဲ့ လက်နက် ထပ်ရ
ဒေါ်လာ/MFP၊ စက်တင်ဘာ – ၃၀
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲမှာ ရှုံးနိမ့်လို့ တပ်ပျက်ကာ ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်လံ တိုက်ခိုက် သုတ်သင်ရာ စက်တင်ဘာ ၂၉ရက်က အလောင်းနဲ့ လက်နက် ထပ်မံ သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု Union Liberation Front – ULF က သတင်း ထုတ်ပြန်ပါတယ်။
ကနီနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၁၁ရက်က ချောင်းမရွာထဲ စီးနင်း မီးရှို့နေချိန် တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ပျက်ထွက်ပြေးတာ ဖြစ်ပါတယ်။
အဲ့ဒီ တပ်ပျက်ထွက်ပြေးတဲ့ စစ်အုပ်စုထဲက တပ်ကြပ်အဆင့် ဦးဆောင်တဲ့ စစ်အုပ်စု ခြောက်ယောက်ကို တော်လှန်ရေးတပ်တွေက လိုက်လံ တိုက်ခိုက် သုတ်သင်ရာ စက်တင်ဘာ ၁၂ရက်၊ ၁၈ရက်နဲ့ ၂၉ရက်တွေမှာ စစ်အုပ်စု အလောင်း သုံးလောင်း၊ သုံ့ပန်း သုံ့ယောက်နဲ့ လက်နက် ငါးလက် သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။
“ကနီမြို့နယ်၊ ချောင်းမတိုက်ပွဲဖြစ်စဥ်မှ စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကော်မရှင်တပ်သား ဒု-တပ်ကြပ် အပါအဝင် စုစုပေါင်း ခြောက်ဦးမှ သုံးဦးကို အရှင်ဖမ်းမိပြီး ကျန် သုံးဦးကို အေ-သ ဖမ်းမိ” လို့ ULF က ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၆ က ဗိုလ်မှူးအဆင့် သူရိန် ဦးဆောင်နတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုဟာ စက်တင်ဘာ ၂ရက်က စလို့ လက်နက်အားကိုးနဲ့ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်း ထိုးတာ ဖြစ်ပြီး စက်တင်ဘာ ၁၁ရက်မှာ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ရင်း၊တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု သုံးယောက် သေပြီး စစ်သုံ့ပန်း လေးယောက်နဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ချောင်းမရွာတိုက်ပွဲက စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက လိုက်လံ တိုက်ခိုက် သုတ်သင်ရာ စက်တင်ဘာ ၁၂ရက်မှာ အလောင်းနှစ်လောင်းနဲ့ နှစ်လက်၊ စက်တင်ဘာ ၁၈ရက်မှာ သုံ့ပန်းသုံးယောက်နဲံ သုံးလက်၊ စက်တင်ဘာ ၂၉ရက်မှာ အလောင်းတစ်လောင်းနဲ့ တစ်လက် သိမ်းဆည်း ရရှိတယ်လို့ ULF က ဆိုပါတယ်။
စစ်အုပ်စုဟာ ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ ၁၀ရက်အတွင်း တရော်ကျင်း၊ နဘူးတောနဲ့ ချောင်းမရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီ ယင်းမာပင်နဲ့ ကနီနယ်အစပ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပေါ်ကို စစ်အုပ်စု အနေနဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်စလို့ ခြေမချဝံ့ဘဲ ရှိနေရာက ယခု စက်တင်ဘာလမှာ တကျော့ပြန် စစ်ကြောင်းထိုးကာ လမ်းပိုင်းကို စိုးမိုးနိုင်ဖို့ ကြိုးစားတာဖြစ်ပြီး တော်လှန်ရေး တပ်တွေက ပိတ်ဆို့ တိုက်ခိုက် သုတ်သင်လို့ တပ်ပျက် ထွက်ပြေးရတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမှာ တိုက်ပွဲအတွေကြုံ မရှိတဲ့ ပေါ်တာဆွဲခံ စစ်သားသစ်တွေ အများအပြား ပါဝင်တယ်လို့လည်း မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်တွေက MFP ကို ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



