ကျောက်မဲမှ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်အုပ်စုက မီးလောင်ဗုံးတွေကို လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် မြို့တွင်း ဌာနဆိုင်ရာ ရုံးတချို့ မီးလောင်
လူသစ်/MFP ၊စက်တင်ဘာ-၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ခိုမုန်းရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဆက်ပြင်းထန်နေပြီး မြို့ကိုတော့ တအာင်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် (TNLA) ဆက်လက်ထိန်းချုပ် ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းကနေ Y-12 နဲ့ အသေခံဒရုန်းတွေ အသုံးပြုကာ မီးလောင်ဗုံးနဲ့ အဆိပ်ငွေ့ဗုံးတွေ ပစ်ချနေတယ်လို့ ဆိုပါတယ်။
MFP ရဲ့ကနဦး စုံစမ်းချက်အရ ကျောက်မဲမြို့အလယ်ကားကွင်းက စျေးဆိုင်ခန်းတွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးရုံး၊ သစ်တောရုံးနဲ့ မီးသတ်ဦးစီးဌာန စတဲ့ အဆောက်အအုံတချို့ ဒရုန်းနဲ့ ကြဲချတဲ့ ဗုံးတွေကြောင့် မီးလောင်ဗုံးပျက်စီးကာ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ ထင်ထားတာထက် တော်တော်ပြင်းထန် နေပါတယ်၊ အခုချိန်အထိ (ည၈နာရီ) မြို့ကို ဆက်ထိန်းထားပါတယ်” လို့ တိုက်ပွဲအခြေအနေကို သိတဲ့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့အနီးက စခန်းသာရွာကို စစ်အုပ်စုတွေက အခုရက်ပိုင်းမှာပဲ TNLA လက်ထဲကနေ သိမ်းယူပြီးနောက်ပိုင်း ကျောက်မဲကို တစ်ရှိန်ထိုး ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
လတ်တလော တိုက်ပွဲအခြေအနေကြောင့် ကျောက်မဲမြို့က ဒေသခံ သုံးပုံးနှစ်ပုံ လွတ်ကင်းရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာ ကျန်နေခဲ့တယ်လို့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ အလယ်ကတည်းက စစ်အုပ်စုကစတင် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ တစ်လခွဲနီးပါး ကြာမြင့်လာပြီလို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောက်မဲမြို့ကို TNLA ကတိုက်ခိုက် သိမ်းယူခဲ့တာဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



