ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်-ရေဦးလမ်းမကို ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာတွေကို စီးနင်းဝင်ရောက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
တန့်ဆည်မြို့နယ်ထဲက ခပေါင်းကြိုင်ရွာကို အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲပြီးခဲ့သလို တနယ်ရွာကိုတော့ မြေပြင်စစ်ကြောင်းက စီးနင်းမီးရှို့နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ကတော့ ကန့်ဘလူမြို့နယ် ကာဘိုးရွာပျူအထိုင်စခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ရေဦးမြို့နယ် အောင်သာယာရွာကို စစ်ကြောင်းထိုး ဝင်ရောက်သွားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းနှစ်ကြောင်းလုံးက ရေဦး-တန့်ဆည်မြို့ချင်းဆက် လမ်းမကြီးဘေးက ရွာတွေကို ဦးတည်စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ရှေ့ပြေးဗုံးကြဲကာ နယ်မြေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ တနယ်ရွာကို စီးနင်းမီးရှို့နေသလို မနက် ၁၀ နာရီခွဲလောက်မှာ တနယ်ရွာအနားက ခပေါင်းကြိုင်ရွာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“စစ်ကြောင်းရှိတဲ့နေရာကို လေကြောင်းကနေ နှစ်လုံးချသွားတယ်ဗျ။ ခပေါင်းကြိုင်ကျေးရွာကို။ အထိအခိုက်ကတော့ မရှိပါဘူးဗျ။ ကျနော်တို့က သုံးရက်လောက်ရှိပြီ အကုန်လုံးစစ်ဘေးရှောင်ခိုင်းထားတာ”
တန့်ဆည်နယ်မှာ စစ်ကြောင်းတွေ လှုပ်ရှားနေတာကြောင့် ခပေါင်းကြိုင်ရွာ အပါအဝင် အနီးအနားကျေးရွာတွေမှာ နေထိုင်တ့ံ ဒေသခံတွေက ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေကြတာကြောင့် ထိခိုက်သေဆုံးတာတွေ မရှိဘူးလို့ သူက ဆိုပါတယ်။
တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ကလည်း ရေဦး-တန့်ဆည်လမ်းဘေးဝဲယာမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ဂရုစိုက်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ရေဦးနဲ့ တန့်ဆည်နယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုက မုံရွာ-နမခ ဝင်းထဲက ပျံတက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့တာကြာင့် ဖန်းခါးဇင်ရွာက အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောပါတယ်။
၂၀၂၃ ခုနှစ်က ရေဦးနယ်က နေအိမ်တွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



