အီသာရမ်/MFP ၊အောက်တိုဘာ-၁
မကွေးတိုင်း၊ ပခုက္ကူနယ် အနောက်ခြမ်းကို စစ်အုပ်စုစစ်ကြောင်း သုံးကြောင်းနဲ့ ထိုးနေတာကြောင့် ကမ္မမြို့အနီးက ကျေးရွာတွေအပါအဝင် ဒေသခံတစ်ထောင်ခန့်လည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် ပြည့်အိုင်ကျေးရွာ၊ ရေမျက်ကျေးရွာနဲ့ အင်ကြင်းပင်ကျေးရွာစတဲ့ အနီးအနားက ကျေးရွာ ငါးရွာထက်မနည်း ဒေသခံတစ်ထောင်ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်အုပ်စုခန့်မှန်းအင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းက ရှင်မကန်ပျူစောထီးစခန်းကတဆင့် ကမ္မမြို့ကို ဦးတည် စစ်ကြောင်းထိုးလာတာလို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်ထိုးတာက ပြည့်အိုင်ဘက်မှာ ရောက်နေတာ၊ ကမ္မစခန်းထဲကလည်းထွက်နေတယ်။ ဟုတ်တယ်။ ပြည်သူတွေကတော့ ပြည့်အိုင်ဘက်မှာတော့ ဖမ်းခံထားရတာတော့ ရှိတယ်။ ရွာအပြင်ဘက်တွေ ပုန်းတဲ့အချိန်စစ်ကြောင်းနဲ့ တိုးတယ်ထင်ပါတယ်၊များတယ်လို့တော့ ပြောတယ်။ အရေအတွက်ကတော့ မသိရဘူး”
စစ်ကြောင်းနဲ့တိုးကာ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFP အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်အုပ်စုစစ်ကြောင်းက ကမ္မမြို့အရှေ့ဘက်မှာ နှစ်ကြောင်းခွဲထိုးနေတာဖြစ်ပြီး ကမ္မမြို့ပေါ်ရဲစခန်းကနေလည်း မြို့ထဲကို ရှေ့ပြေးစစ်ကြောင်းအကူအဖြစ် ထွက်လာတာရှိတာကြောင့် စစ်ကြောင်းသုံးကြောင်းခွဲထိုးနေတယ်လို့ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းမှာ တော်လှန်ရေးတပ်ကနေ စစ်အုပ်စုနဲ့ပူးပေါင်းသွားတဲ့ ရဲဘော်တချို့လည်း လမ်းပြအဖြစ်ပြန်ပါလာခဲ့ပြီး ကမ္မမြို့အနီးက ကျေးရွာတွေကို လိုက်လံပြသ နေတာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းကလည်း စစ်အုပ်စုက စက်တက်လေထီးနဲ့ တော်လှန်ရေးစခန်းတစ်ခုကို အတိအကျ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရေးရဲဘော်သုံးဦးသေဆုံး ခဲ့တယ်လို့ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



