Blog

ပုလဲမြို့နယ်မှာ လက်နက်ကိုင်ပြီး ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူမှုတွေကို စတင်စစ်ဆေးနေကြောင်း ဗိုလ်နဂါးပြော

MN/MFP ၊ အောက်တိုဘာ – ၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ လက်နက်ကိုင်ပြီး ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူနေသူတွေကို စတင်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါးက MFP ကို ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ တော်လှန်ရေးအကြောင်းပြ ကိုယ်ကျိုးစီးပွားအတွက် သစ်တောတွေကို ခုတ်ယူသုံးစွဲတာနဲ့ သယ်ဆောင်တာတွေကို တွေ့ရှိရင် ဘယ်အဖွဲ့အစည်းမဆို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA အနေနဲ့ ပြတ်ပြတ်သားသား သိမ်းယူပြီး ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမှာဖြစ်တယ်လို့ BNRA က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးအကြောင်းပြပြီး လက်နက်ကိုင်ကာ ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူနေသူတွေကို ကွင်းဆင်းစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ BNRA ခေါင်းဆောင် ဗိုလ်

နဂါးက ပြောပါတယ်။

“လုပ်နေတဲ့သူတွေက တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့တွေဖြစ်နေတော့ ပိုခက်တာပါ။ စစ်စစ်မှန်မှန်သုံးတာထက် ကိုယ်ကျိုးသမားက ပိုများလွန်းနေပါတယ်။ အဲဒီကိစ္စတွေကို စပြီးတော့ စစ်ဆေးကိုင်တွယ်နေပါတယ်။ သက်နုကျွန်းသစ်တောကို လက်နက်တွေကိုင်ပြီး ခုတ်နေတာ။ ဒေသခံလူထု လာရောက်သတင်းပေးတိုင်တန်းလို့ သွားရောက်စစ်ဆေးခဲ့ရာမှာ လက်ရှိစစ်ဆေးတွေ့ရှိထားမှုတင် တန်ချိန် တထောင်ကျော်ပြီလို့ တင်ပြလာပါတယ်။ အခြား local အဖွဲ့တွေက မလုပ်ရဲကြပါဘူး။ NUG ရဲ့ (ပ)သုံးလုံးနဲ့ တပ်ရင်းတွေပါ။ (တပ်)ရင်းခြောက် အပါဝင် (တပ်)သုံးရင်းလောက်ကတော့ ယခုကိစ္စမှာ မပါဘူးလို့ သိရပါတယ်။ ဒေသခံလူထုရဲ့ ကိုယ်ပိုင်စိုက်မွေးကျွန်းပင်တချို့ကို အတင်းခုတ်ယူတယ်။ လာတားရင် ပစ်မိန့်ပါတယ်လို့ ခြိမ်းခြောက်ပြောဆိုထားကြောင်း လာတိုင်ပြီး အကူညီတောင်းထားကြပါတယ်”

ပုလဲမြို့နယ်အတွင်း လက်နက်ကိုင်ပြီး ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူနေရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ (ပ)သုံးလုံးအဖွဲ့တွေနဲ့ တပ်ရင်းအချို့ ပါဝင်နေတယ်လို့ BNRA ရဲ စွပ်စွဲထားတဲ့ ထုတ်ပြန်ချက်နဲ့ ခေါင်းဆောင် ဗိုလ်နဂါးဘက်က ပြောဆိုထားမှုအပေါ် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ရှင်းမပြတော့ဘူးလို့ MFP ကို ပြောပါတယ်။

“BNRA စာထုတ်တိုင်း လိုက်ပြီးရှင်းပြနေရရင် တော်လှန်ရေး နှောင့်နှေးတာပဲ အဖတ်တင်ပါတယ်ဗျာ။ ရှင်းမပြတော့ပါဘူး”

ပုလဲမြို့နယ်အပါဝင် ယင်းမာပင်ခရိုင်ထဲမှာရှိတဲ့ သစ်တောတွေနဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲက သစ်တွေအပါဝင် သစ်ခိုးထုတ်ယူမှုတွေ အများအပြားရှိနေဆဲဖြစ်ပြီး အဲဒီလို သစ်ခိုးထုတ်ယူနေတဲ့ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်နေတယ်လို့လည်း မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေကလည်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ယင်းမာပင်ခရိုင်ထဲမှာ တရားမဝင်သယ်ဆောင်လာတဲ့ သစ်တွေကို NUG လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့စဉ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button