Blogစစ်ကိုင်းသတင်း

ကလေးဝ -မဟာမြိုင်လမ်းမှာ ကားအစီးရေ တစ်ရာကျော် လချီကြာပိတ်မိနေ

ကိုသူ/MFP၊ အောက်တိုဘာ – ၂

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ -မဟာမြိုင်ကားလမ်းမှာ မိုးများပြီး ဗွက်နစ်တာကြောင့် ကုန်တင်ကားတစ်ရာကျော် ပိတ်မိနေတာ တစ်လခန့် ကြာမြင့် လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေး-ကလေးဝ – ရေဦး -တန့်ဆည် – မန္တလေး တို့ကို ကုန်စည်တွေ အဓိက သယ်ဆောင်နေတဲ့ ကလေးဝ -မဟာမြိုင်ကားလမ်းမှာ မိုးရွာသွန်းမှုများပြီး လမ်းမတွေ ပျက်စီးကာ ဗွက်နစ်နေတာလို့ ဆိုပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့အထိ တစ်လကျော်အကြာ ကုန်တင်ကားတစ်ရာကျော် ပိတ်မိနေတယ်လို့ အမည်မဖော်လိုတဲ့ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောပါတယ်။

“လမ်းမကောင်းတာ။ ပျဉ်းကိုင်းတောင်ပေါ်ကမိုး‌များတော့ ဗွက်တမ်းရှည် တယ် ။ထွန်စက် တစ်ခါဆွဲကားသေးတောင် တစ်သိန်း ၊ခုနှစ်သောင်း ၊ပေးရတယ်။သုံးလေးခါ ဆွဲကြရတယ်။ကားကြီးဆို ထွန်စက်ဆွဲခကို သုံး ၊လေးသိန်း လောက် ကုန်တယ်။ကားက ကြီးရင် ကြီးသလို ငါးသိန်း ၊ခုနှစ်သိန်းပေးကြရတယ်။

ကားတွေ ပိတ်မိနေတာကြောင့် လမ်းခရီးမြန်ဆန်စေဖို့အတွက် ထွန်စက်ဌားရမ်းကာ ဗွက်ဆွဲခိုင်းနေရပြီး ကားအရွယ်စားပေါ်မှုတည်ပြီး ‌ငွေကြေး ပေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မိုးဆက်ရွာနေတာကြောင့် ကလေးဝ -မဟာမြိုင်လမ်းမဟာ ကားမောင်းနှင်လို့ မရအောင် ပျက်စီးနေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

” လမ်းခြောက်အောင်ပဲ စောင့်ကြတော့တာ။ ပုတ်တဲ့ ငါးတို့ဘာတို့ကတော့ ရေလမ်းက တင်ကြတော့တာ ၊ အခုက ကုန်ခြောက်ပဲပါတာဆိုတော့ ပုပ်သိုးပျက်စီးတာတော့ မရှိပါဘူး”

ကုန်တင်ကားတွေ လနဲ့ချီအကြာ ပိတ်မိနေတာကြောင့် ကလေးဝနဲ့ ကလေးမြို့နယ်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်တာတွေ ရှိနေပြီး ချင်းတွင်းမြစ်ကြောင်းကနေ မှာယူရတယ်လို့ ကုန်ရောင်းချနေသူတွေက ပြောပါတယ်။

အဲ့ဒီ မဟာမြိုင်လမ်းဟာ ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ တမူး မြို့နယ်တွေကို ကုန်စည်စီးဆင်းနေတဲ့ အဓိကကျတဲ့ လမ်းမဖြစ်သလို စစ်အုပ်စုတပ်က ကလေး -ကလေးဝ – ယာကြီးလမ်း ၊ကလေး -ဂန့်ဂေါလမ်း တွေကို ပိတ်ထားတာ သုံးနှစ်ကျော်ခန် ရှိလာတာကြောင့် မဟာမြိုင်လမ်းမကို အားကိုးအသုံးပြုု သွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button