အီသာရမ်/MFP ၊အောက်တိုဘာ-၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာလ ၁ရက်နေ့ ညပိုင်းမှာ စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် စစ်ဘေးရှောင်တစ်ထောင်ခန့် မိုးရေထဲမှာ ထပ်မံစစ်ရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
လက်ရှိ စစ်ရှောင်နေရ သူတွေဟာ စက်တင်ဘာလ ၂၂ ရက်နေ့က သုတို့နေထိုင်တဲ့ စစ်ရှောင်တဲတွေကို စစ်အုပ်စုစစ်ကြောင်းက မီးရှို့လိုက်တာကြောင့် နေရေးထိုင်ရေးအတွက် ခက်ခဲနေသူတွေ ဖြစ်ပါတယ်။
ပခုက္ကူနယ် ၊ ရေစကြိုနယ် နဲ့ မြိုင်နယ် အစပ်တို့ကို ခန့်မှန်းအင်အား ၁၅၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်မွှေနှောက်နေတာကြောင့် ညသန်းခေါင်းအချိန် မိုးရွာထဲမှာ ကျေးရွာငါးရွာခန့်က ဒေသခံတစ်ထောင်ခန့် ထပ်မံစစ်ဘေးရှောင် ထွက်ပြေးနေကြရတာဖြစ်ပြီး မိုးကာတဲတွေ နဲ့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေတယ်လို့ Shwe Nyar Myae PDF အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနေ့က တစ်ခါ ၁၀၁ ထဲက ထပ်ထွက်လာပြီး စစ်ကြောင်းထပ်ထိုးလာတာ၊ ည ၂ နာရီလောက် အဲဒါပြည်သူကလည်း ရွာလေးငါးရွာနဲ့ အဲဒီအချိန်ကြီးမိုးရွာထဲမှာ ထရှောင်ကြရတာ၊ လောလောဆယ်တော့ မိုးကာအခက်အခဲပေါ့၊မိုးကဆက်တိုက်ရွာနေတော့”
လတ်တလောမှာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေက နီးစပ်ရာတောတိုက်တွေအထဲမှာ နေနေကြရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာတချို့ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပခုက္ကူနယ် အနောက်ခြမ်းမှာလည်း ပခုက္ကူတပ်မ ၁၀၁ က စစ်အုပ်စုစစ်ကြောင်း ထိုးနေတာကြောင့် ပြည့်အိုင်ကျေးရွာ၊ ရေမျက်ကျေးရွာနဲ့ အင်ကြင်းပင်ကျေးရွာ စစ်ဘေးရှောင် တစ်ထောင်ခန့်လည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ပခုက္ကူမြို့နယ် တစ်ခုလုံးကို စစ်ကြောင်းထိုးမွှေနှောက်နေတာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ပြီး စစ်မှူထမ်းအပတ်စဉ် ၁၀၊ ၁၁ နဲ့ ၁၂ စစ်မှုထမ်း တပ်သားအသစ်တွေနဲ့ စစ်ကြောင်းထိုး မွှေနှောက်နေတာဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



