ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ စစ်အုပ်စုစစ်ကြောင်းတွေက အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း ကျေးရွာပေါင်း ၁၀၀ကျော် နေအိမ်ပေ့င်း ၅၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အောက်တိုဘာလ ၄ ရက် ဒီနေ့မှာ Taze News က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တနယ်ရွာကို စစ်အုပ်စုက အောက်တိုဘာလ ၁ ရက် မနေ့ကစလို့ ရွာကိုစီးနင်းမီးရှို့နေတာကြောင့် တန့်ဆည်နယ်ထဲမှာ မီးရှို့ခံရတဲ့ ၁၀၁ ရွာမြောက် ဖြစ်လာတယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က တန့်ဆည်မြို့နယ် တနယ်ကျေးရွာကို စစ်အုပ်စုအဖွဲ့က စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေငလို ဒီကနေ့မှာလည်း တနယ်ရွာထဲမှာပဲ ရှိသေးတယ်လို့ တန့်ဆည်နယ် တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
“မနေ့က ညနေပိုင်းမှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတော့ လေယာဉ်နဲ့ပါလာကြဲသေးတယ်။ ဒီနေ့လည်း တနယ်ရွာထဲမှာပဲ။ သူတို့မထွက်နိုင်သေးဘူး။ မနေ့က တနယ်ရွာကိုမီးရှို့တယ်။ ဒီနေ့တော့ ငြိမ်နေကြတယ်။ မီးရှို့တာမတွေ့ရဘူး”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက တနယ်ရွာထဲမှာရှိနေတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်နဲ့ အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ အထဲမှာ ငတန်းရွာဟာ အိမ်ခြေ ၃၈၂ အိမ်အထိ အများဆုံး ဖျက်ဆီးခံထားရပြီး ဒုတိယအများဆုံး အနေနဲ့ ချောင်းရိုးရွာက ၂၄၃ အိမ်၊ တတိယအနေနဲ့ ရွှေလှံရွာက နေအိမ် ၂၂၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၃၀ ရက်ကလည်း မုံရွာ-နမခ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ တနယ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁ ရက် မနေ့ကလည်း တနယ်ရွာရဲ့ဘေးက ခပေါင်းကြိုင်ကိုလည်း ဗုံးကြဲတိုက်ခိုက်သွားပြီး ရွာထဲမှာရှိတဲ့ ပြည်သူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက စစ်ကြောင်းတွေ လှုပ်နေတာကြောင့် ရွာထဲက ကြိုတင်ရှောင်ရှားထားခဲ့လို့ ထိခိုက်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။
၂၀၂၄ ဇူလိုင် ၁၃ ရက်က တန့်ဆည်မြို့နယ်၊ စည်းသာကျေးရွာမှ လူနေအိမ် ၆၂ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့သွားခဲ့။ Photo- Taze News
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



