သတင်း

အောက်တိုဘာလထဲမှာ TNLAနဲ့ စစ်အုပ်စု တွေ့ဆုံဆွေးနွေးဖို့ရှိ

မယ်ပ/MFP၊အောက်တိုဘာ – ၃

၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက်မှာ စစ်အုပ်စုနဲ့ အောက်တိုဘာလ အခုလထဲမှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ TNLAရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက MFPကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ရက် တရုတ်နိုင်ငံ ကူးမင်းမြို့မှာတရုတ်ကြားပွဲစား လုပ်မှုနဲ့ TNLAနဲ့ စစ်အုပ်စုတို့အကြား ထပ်မံ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ TNLAအနေနဲ့ ကျောက်မဲနဲ့ သီပေါကို စွန့်လွှတ်မယ်လို့ ဆွေးနွေးပြောကြားခဲ့ပေမဲ့ စစ်အုပ်စုက မန်တုံနဲ့ နမ့်ဆမ်ကိုပါ ပေးဖို့ ထပ်တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲ ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ်ဆွေးနွေးပွဲကိုတော့ ကူမင်းမြို့မှာ ဒီလထဲမှာ ထပ်မံ ပြုလုပ်ဖို့ စီစဉ်ထားဆဲမှာဘဲ စစ်အုပ်စုက ကျောက်မဲမြို့ကို အရသိမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်အုပ်စုတွေက နောင်ချိုကို အခုနှစ် ဇူလိုင် ၁၆ရက်က ပြန်သိမ်းပိုက်နိုင်ခဲ့သလို ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်မှာ အလုံးစုံ ပြန်လည် သိမ်းပိုက်ထိန်းချုပ် သွားတာဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ ဒီတစ်ကြိမ်တွေ့ဆုံမှုမှုမှာ ဘယ်လိုအချက်တွေ အဓိက ထည့်သွင်းဆွေးနွေးသွားဖို့ ရှိမလဲလို့ MFP က မေးမြန်းခဲ့ရာမှာတော့ လွေးယေဦးက အခုလို ပြောပါတယ်။

“ တွေ့ဆုံဆွေးနွေးမှုကတော့ ဘာမှ မပြောတက်သေးဘူး။ အထက်ကလည်း ညွှန်ကြားတာမျိုးတွေတော့ မရှိသေးဘူး။ ဒီလထဲမှာ ဆွေးနွေးမှု ရှိမယ်။ ဒီတွေ့ဆုံဆွေးနွေးမှုက ဘယ်နေ့ ဘယ်ရက်ဆိုတာ အတိအကျ မပြောတက်သေးဘူး။ လောလောဆယ် ဘာမှ အတိပြောနိုင်ခြင်းမရှိဘူး။”

နောင်ချိုမြို့ကို TNLA က ၂၀၂၄ ဇွန်လမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး တရုတ်ရဲ့ ကြားဝင် စွက်ဖက်မှုနဲ့အတူ စစ်အုပ်စုက တရုတ်အားကိုးနဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး တောင်ခမ်းဒေသနဲ့ နောင်ချိုမြို့ကို ၁၁ လကြာ ထိုးစစ် ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၁၆ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျောက်မဲ မြို့ကိုတော့ အင်အားထောင်နဲ့ချီပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ တစ်လခွဲနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ အောက်တိုဘာ ၁ ရက်မှာတော့ တိုက်ခိုက်သိမ်းပိုက်ပြီး အပြည့်အဝ ထိန်းချုပ်သွားတာ လို့ မြေပြင်တော်လှန်ရေးရဲဘော်က ပြောပါတယ်။

စစ်အုပ်စုလက်ထဲ ကျောက်မဲမြို့ကို ပြန်လည်လက်လွှတ်ရပြီးနောက် ကျောက်မဲမြို့နဲ့ တသ်ဆက်ထဲဖြစ်တဲ့ သီပေါမြို့ကို စစ်အုပ်စုတွေက ဆက်လက် ထိုးစစ်ဆင်လာနိုင်ဖွယ် ရှိတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button