ကိုသူ/MFP၊အောက်တိုဘာ – ၃
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပေါ်မှာတည်ရှိတဲ့ နတ်ရေကန်စခန်းသိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သား ၂၇ ဦးကို အရှင် ဖမ်းဆီးရရှိခဲ့တယ်လို့ မကွေးတိုင်းတော်လှန်ရေးအင်အားစုဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု( PRA -မကွေး) People’s Revolution Alliance က အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ရေး ၊ကုန်သွယ်ရေးအရ အချက်အခြာကျတဲ့ မကွေးတိုင်း – ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ ၊ အမ်း-ပဒါန်း လမ်းမှာတည်ရှိတဲ့ နတ်ရေကန် တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သား ၂၇ ဦးကို အရှင်လက်ရ ဖမ်းဆီးရရှိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု ( PRA -မကွေး) က ဆိုပါတယ်။
ဒီလို ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားတွေဟာ မကွေးတိုင်း အခြေစိုက် စစ်အုပ်စုတပ်တွေ ဖြစ်တဲ့ တပ်မ – ၉၉နဲ့ စကခ -၁၇ လက်အောက်ခံ တပ်ရင်းတွေက ဖြစ်ပြီးတော့ စစ်မှုထမ်းအများစု ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု ( PRA -မကွေး) ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဟာ ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာ ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။
“ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၂၇ ဦးကို ကောင်းကောင်းစောင့်ရှောက် ပေးထားပါတယ်။ ၇ လပိုင်းထဲမှာ မိတာက တပ်မ -၉၉ လက်အောက်ခံ စစ်အုပ်စုတွေပါ။ ၉ လပိုင်းမှာ မိတာကတော့ စကခ -၁၇ လက်အောက်ခံ တပ်သားတွေပါ။ ရာထူးကြီးတဲ့ သူတွေမပါဘူး။ ဖမ်းဆီးထားတဲ့ သူတွေကို မေးကြည့်တဲ့အခါ ပေါ်တာဆွဲခံရတဲ့ သူတွေများပါတယ်။ စစ်ရာဇဝတ်ကျုးလွန်တာလည်း မရှိကြဘူး။ တိုက်ပွဲမှာ လက်နက်ချပြီး အဖမ်းခံခဲ့ကြတာပါ”
ဖမ်းဆီးထားတဲ့တပ်ဖွဲ့ဝင် အများစုဟာ စစ်မှုထမ်းဥပဒေအရ အဓ္ဓမပေါ်တာဆွဲခံရပြီးနောက် အပတ်စဉ် ၇ ကနေ ၁၃ အထိ သင်တန်းဆင်းထားတဲ့ တပ်သားအသစ်တွေဖြစ်ပြီး စစ်စည်းကမ်းနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက အဓ္ဓမ စစ်သားအသစ် စုဆောင်းခံရသူတွေကို အသုံးချကာ မကွေးတိုင်းအပါအဝင် နိုင်ငံတဝန်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းညီညွှတ်ကြကာ စစ်အုပ်စု အမြစ်ဖြတ်ရေးအတွက် ဆင်နွဲသွားကြဖို့ PRA -မကွေးက ထုတ်ပြန်ချက်က တဆင့်နိုးဆော်ထားပါတယ်။
ဒါ့အပြင် မကွေးတိုင်းနဲ့ ရခိုင်ပြည်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းမ ရိုးမပေါ်က အကြီးဆုံးစစ်အုပ်စုစခန်းဖြစ်တဲ့ နတ်ရေကန်စခန်းဝန်းကျင်က ကာကင်းစခန်းတွေကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက အခုရက်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် နတ်ရေကန်စခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကလည်း ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



