
တွင်းငယ် – မိုးမိတ်လမ်း တိုက်ပွဲတွေကြား ဒေသခံ အမြောက်အများ ပိတ်မိနေ၊စစ်အုပ်စုက အရပ်သားတွေကို ထွက်ခွါခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးချ၊
ထင်လင်း/MFP၊ နိုဝင်ဘာ – ၂၆
မန္တလေးနဲ့ ရှမ်းမြောက်ဒေသကို ဆက်သွယ်ချိတ်ဆက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကြားရှိ မိုးမိတ်- တွင်းငယ် လမ်းပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၁၀ရက်ခန့် ကြာမြင့်လာပြီး အရပ်သားပြည်သူ အများအပြား ပိတ်မိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာက ဒေသခံ အများအပြားကို စစ်အုပ်စုက တိမ်းရှောင်ခွင့် မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ မိုးမိတ်ဒေသခံတွေက ပြောပါတယ်။


“ကင်းချောင်းရွာက ဒေသခံတွေ စစ်ထဲ ပိတ်မိနေတယ်၊ စစ်တပ်က အထွက်မခံဘူး၊ လူ အတော်များတယ် ကြားတယ်”လို့ မိုးမိတ်နယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စု ရန်ပြုမှုနဲ့ တိုက်ပွဲကြားကနေ မရမက တိမ်းရှောင်ထွက်ပြေးလာသူတွေလည်း ရှိပြီး တောတောင်တွေထဲမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ အပြင် ကင်းချောင်းရွာတဝိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေတာကြောင့် ကျေးရွာထဲက နေအိမ်အတော်များများလည်း ထိခိုက်ပျက်စီးပြီး မိသားစုတွေနဲ့ အဆက်မသွယ် မရတာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့ အခြားဒေသကို ရောက်ရှိနေတဲ့ ကင်းချောင်းဒေသခံ တစ်ဦးက ပြောပါတယ်။
“ဘေးရွာတွေပဲ ပတ်ရှောင်နေရတာတဲ့၊ ထွက်လာလို့မရ ဖြစ်နေတာ၊ ပိတ်မိနေကြတာ ဟုတ်တယ်၊ တစ်ရွာလုံး ရစရာကို မရှိဘူး ပြောကြတာပဲ လေယာဉ် ကြဲထားတာလည်း။ အများကြီး ပိတ်မိကုန်တာ၊ ဖြစ်ဖြစ်ချင်းဆို ရှောင်ချိန် မရလိုက်ဘူး”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က စစ်အုပ်စုရဲ့ ကင်းစခန်းတွေ ဖြစ်တဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ့်ကုန်းရွာ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက နိုဝင်ဘာ ၁၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ KIA ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
KIA တပ်မဟာ ၄၊ KIA တပ်မဟာ ၁၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က အဲ့ဒီ စစ်အုပ်စု ကင်းစခန်းသုံးခုကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းတွေ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်အုပ်စု ငါးယောက် သေ၊ကာ ၂၀ ခန့် ဒဏ်ရာရပြီး လက်နက် ခဲယမ်းတွေ KIA ပူးပေါင်းတပ်က သိမ်းဆည်း ရရှိတယ်လို့ KIA ပြန်ကြားရေးဌာနက ဆိုပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က ကင်းချောင်းရွာနဲ့ ကင်းချောင်းတံတားအနီးရှိ ကင်းစခန်းဟာ စစ်အုပ်စုအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာ ၁၉ရက်က အဲ့ဒီ ကင်းချောင်းရွာဘက် တိုက်ပွဲ ဖြစ်ချိန် စစ်အုပ်စုက မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ လေကြောင်းဗုံးပတ်ကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းဟာ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းမှသည် အညာဒေသအထိ ဆက်သွယ်ထားတဲ့ ဒေသတွင်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
လက်ရှိမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်ရှိ စစ်အုပ်စု ကင်းစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး တွင်းငယ်ကျေးရွာအနီးရှိ စစ်အုပ်စု တန်းမြှင့်လေ့ကျင့်ရေးကျောင်း တတက-၁၃ နဲ့ မိုးမိတ် လမ်းကြောကို တော်လှန်ရေးတပ်တွေက ဖြတ်တောက် ထားနိုင်ပြီလို့လည်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“မိုးမိတ် နဲ့ ၁၃ တပ်တော့ နည်းနည်းပြတ်တဲ့ သဘောဖြစ်နေပြီ၊ ကင်းချောင်း၊ သစ်စိမ့်ကုန်း၊ ပေကုန်း၊ ဝဲပေါင်း၊ ဂင်နွဲ၊ အဲ့ဒီဟာတွေကိုတော့ ထိန်းသိမ်းပြီးသွားပြီ၊ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က၊ ကျောက်မောကိုတော့ မရသေးဘူးပေါ့”လို့ ၎င်းက ပြောပါတယ်။
တချိန်တည်းမှာပဲ မိုးမိတ်နဲ့ မဘိမ်းမြို့ကြား၊ မိုးမိတ်ရဲ့ မြို့အရှေ့ခြမ်းနဲ့ မြို့ပတ်လည်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုက မိုးမိတ်မြို့နဲ့ မြစ်ဆုံရွာကြား ၇မိုင်၊ ၆မိုင်၊ ၅မိုင်နဲ့ ၄မိုင်ရွာတွေဘက်ကို အသေခံကာ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
“စစ်ကော်မရှင် တပ်ဖွဲ့များက မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅မိုင်၊ ၆မိုင် ပတ်ဝန်းကျင် KIA ပူးပေါင်းတပ်များ ရှိရာ နေရာဘက်ကို ထိုးစစ်ဆင်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေ” လို့ KIA ပြန်ကြားရေး ဌာနကလည်း ဖော်ပြပါတယ်။
စစ်အုပ်စုဟာ မိုးမိတ်မြို့နယ် မြစ်ဆုံနဲ့ ၇မိုင်ရွာတွေဘက် စစ်ကြောင်းထိုးရာမှာလည်း လေကြောင်း ဗုံးပတ်ကြဲသလို ဒေသခံတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်ကလည်း နိုဝင်ဘာ ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။
ယခု နိုဝင်ဘာလအတွင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေအတွင်း မြို့ရဲ့မြောက်ဘက်ရှိ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ အရပ်သား သုံးဦး ဒဏ်ရာရပြီး ကျေးရွာ သုံးရွာက ဒေသခံတွေကိုလည်း စစ်အုပ်စုက လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၄က စတင်ကာ တော်လှန်ရေး တပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် တရုတ်က အကြပ်ကိုင်လို့ တအာင်းတပ်မတော် – TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့ တွေကို စစ်အုပ်စု လက်ထဲ ပြန်လည် ထိုးအပ်ခဲ့ပြီးနောက် မိုးမိတ် – တွင်းငယ် လမ်းပိုင်းကိုပါ စစ်အုပ်စု ပြန်ရသွားတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိမှာ မိုးမိတ် – တွင်းငယ်လမ်းပိုင်းနဲ့ မိုးမိတ်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မိုးမိတ်မြို့အနီးမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား စက်တင်ဘာလကစလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က မိုးမိတ်မြို့နဲ့ သုံးမိုင်ဝန်းကျင်အကွာ ညောင်နီကျေးရွာအထက် ရွှေမြင်တင် စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား သေပြီး ဗိုလ်မှူးအဆင့် အပါအဝင် ရှစ်ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။
စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို မန္တလေး – မတ္တရာ – မိုးကုတ်ကတဆင့် မိုးမိတ်မြို့ကို ပို့ပြီးနောက် မိုးမိတ်မြို့ ပတ်လည်ရှိ တော်လှန်ရေး တပ်တွေ စိုးမိုးထားရာ နေရာတွေကို လေကြောင်း ပစ်ကူသုံး ထိုးစစ်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယခုနှစ်ဆန်းပိုင်းမှာ မန္တလေး – မိုးကုတ် – သပိတ်ကျင်း လမ်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် မိုးမိတ်မြို့ မကျရေးအတွက် မန္တလေးကနေ စစ်ကူတွေ ပို့လွှတ်နေတာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မိုးမိတ်မြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ TNLA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပြီး ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က ခြိမ်းခြောက်အကြပ်ကိုင်လို့ TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်အုပ်စုလက်ထဲ ပြန်ပေးခဲ့ပါတယ်။
မိုးမိတ်- တွင်းငယ် လမ်း တိုက်ပွဲမှာ ပိတ်မိနေတဲ့ ဒေသခံတချို့/Photo – ဒေသခံ



