ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၄
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်တွေကို စစ်အုပ်စုက စစ်ကြောင်းသုံးကြောင်းနဲ့ စီးနင်းနေပြီး စစ်ကိုင်း-ရှိမ္မကား-ကျောက်မြောင်း ဗျူဟာလမ်းပေါ်က ခရီးသွားကားသုံးစီးကို ဖမ်းဆီးသွားသလို ဝက်လက်နယ် တမာကန်ရွာက ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ ကပြောပါတယ်။
အောက်တိုဘာလ ၂ ရက်က ဝက်လက်နယ် ငါးရယ်ရွာနဲ့ တိုက်ရွာကြားက တောင်ကုန်းပေါ်မှာ အထိုင်စခန်းချထားတဲ့စစ်အုပ်စုက တမာကန်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မိသားစုဝင်သုံးဦးထဲက နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဝက်လက်နယ် တမာကန်ရွာဟာ စစ်ကိုင်းမြို့နယ်အစပ်မှာတည်ရှိပြီး စစ်ကြောင်းထိုးလာချိန်မှာလည်း လမ်းမပေါ်က ခရီးသွားကားသုံးစီးကို ဖမ်းဆီးသွားပြီး ခရီးသွားပြည်သူတချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကိုင်းမြို့နယ် တောင်ရင်းရွာဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာတွေက မိတဲ့ဟာတွေ နှစ်ယောက်သတ်သွားတယ်။ လမ်းပေါ်မှာ ကားတွေဘာတွေ မောင်းလာတဲ့ဟာတွေ ဖမ်းထားတဲ့ဟာတွေလည်းရှိတယ်။ သူတို့စစ်ကြောင်းနဲ့ တွေ့တဲ့ကားတွေတော့ ဖမ်းထားတယ်”
တမာကန်ရွာကို စစ်အုပ်စုအင်အား ၁၀၀ ကျော်နဲ့ အောက်တိုဘာလ ၂ ရက် ဝင်ရောက်စီးနင်းပြီး အသက် ၈၀ အရွယ်အဖွားတစ်ဦးနဲ့ အသက် ၂၇ အရွယ်အမျိုးသားတစ်ဦးသေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တမာကန်ရွာမှာ နှစ်ရက်တပ်စွဲ နေထိုင်ပြီးနောက် အောက်တိုဘာလ ၄ ရက် ဒီကနေ့မနက်မှာတော့ ရွာထဲကနေ စစ်ကြောင်း ပြန်ထွက်ခွာသွားပြီး ငါးရယ်ရွာနဲ့ တိုက်ရွာအနီးက အထိုင်စခန်းရှိရာ တောင်ကုန်းပေါ်ကို ပြန်တက်သွားပြီလို့ ဆိုပါတယ်။
ကားတွေနဲ့အတူ ဖမ်းဆီးခံရတဲ့ ခရီးသွားပြည်သူတချို့ ပြန်လည်လွတ်မြောက်လာတယ်လို့ ကြားသိရပေမယ့် ဘယ်နှစ်ဦးဖမ်းဆီးခံရပြီး ဘယ်နှစ်ဦးလွတ်မြောက်လာတယ်ဆိုတာတော့ အတိအကျ မသိရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နဲ့ ကပ်လျက်ရွာတွေဖြစ်တဲ့ မြို့မြောက်ဘက်က အောင်ချမ်းသာရွာနဲ့ တောင်ဘက်က ဝါးချက်ရွာတွေကိုလည်း ဒီကနေ့မှာ စစ်အုပ်စု အင်အား ၁၀၀ ဝန်းကျင်စီနဲ့ ပစ်ခတ်ဝင်ရောက်နေပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူး ဒေသခံတချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဗျုဟာလမ်းမတွေကို မြင်တွေ့ရပုံ။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



