ဆောင်းပါး

“ငလျင်ဒဏ်သင့်ဗလီအပြိုအပျက်တွေကြားကမျှော်လင့်ချက်”

ဇူဇူး/MFP၊ ဆောင်းပါး

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဖင်္လဘိုကျေးရွာက ငလျင်ဒဏ်ထိ ဗလီ/Photo - SMT FB

မင်ဘရ်လို့ခေါ်တဲ့ ဗလီဝတ်ပြုဆောင်အတွင်းရှိ တရားဟောစင်မြင့်ပေါ်မှာ ဗလီဆရာ ဆရာလွင်(အမည်လွှဲ) တစ်ယောက် တရားဟော နေခဲ့ပါတယ်။ အဲ့ဒီနေ့က အစ္စလာမ်ဘာသာဝင်တွေအတွက် ရာမ်ဇန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့ပါ။

ရာမ်ဇန်ဥပုသ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးပိတ် နှုတ်ခွန်းဆက်တရား ဟောနေရင်း ပြီးခါနီးအချိန်မှာ ဗလီကြီးတစ်ခုလုံး ရမ်းခါလှုပ်ခတ်သွားတယ်လို့ ဆရာလွင်က ပြောပြပါတယ်။ အချိန်ခဏလေးအတွင်းမှာပဲ ဗလီရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ အမျိုးသမီးဝတ်ပြုဆောင်က ဦးစွာ ပြိုကျသွားပြီးတဲ့နောက် အမျိုးသားဝတ်ပြုဆောင်တွေရော အားလုံး ပြိုကျပျက်စီးသွားတာကို ဆရာလွင်တစ်ယောက် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတာပါ။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဗုံးအိုးကျေးရွာမှာရှိတဲ့ ဗုံးအိုးအလယ်ဗလီမှာ ဝတ်ပြုနေရင်း ရုတ်တရက် ငလျင်ဘေးကြုံခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဗလီဆရာ ဆရာလွင်အတွက်တော့ တစ်သက်တာမမေ့နိုင်တော့တဲ့ အဖြစ်အပျက်ဆိုးကြီးတစ်ခုပါပဲ။

“ကျွန်တော်တို့ မတ်တပ်ထလို့ကို မရဘူး။ မတ်တပ် ထလိုက်တာနဲ့ ပစ်လဲပြီးတော့ အောက်ပဲ ပြန်‌ပြန် ရောက်တယ်။ နောက်ဆုံးပိတ်ကျ လေးဖက်ကုန်းပြီးတော့ကို အပြင်ရောက်အောင် လူငယ်တွေက ခေါ်သွားလို့ ထွက်ခဲ့ရတာ” လို့ သူအသက်ရှင်လွတ်မြောက်လာပုံကို ဆရာလွင်က ပြန်ပြောပြပါတယ်။

မြန်မာနိုင်ငံက ဗလီအများစုမှာ အမျိုးသားတွေသာ ဝတ်ပြုလေ့ရှိကြပြီး အမျိုးသမီးဝတ်ပြုဆောင် ပါတဲ့ ဗလီတွေကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းငယ်သာ ရှိပါတယ်။ အဲ့ဒီအမျိုးသမီးဝတ်ပြုဆောင်ပါတဲ့ ဗလီအနည်းငယ်ထဲက တစ်ခုကတော့ ဆရာလွင်တို့ရဲ့ ဗုံးအိုးအလယ်ဗလီပါ။

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗုံးအိုးရွာ အပ်ချုပ်အလယ်ဗလီ/Photo - P

ဗုံးအိုးအလယ်ဗလီမှာ ဝတ်ပြုနေကြတဲ့ အမျိုးသမီးတွေထဲက ၃၆ ယောက်ဟာ ငလျင်ကြောင့် ပြိုကျတဲ့ နှစ်ထပ်အဆောက်အဦရဲ့ အုတ်နံရံတွေအောက်မှာ ရှဟီဒီ (မြင့်မြတ်စွာနဲ့ အသက်စွန့်ခွာ) သွားကြပါတယ်။ ပြိုသွားတဲ့ အဆောက်အဦထဲက အမျိုးသမီးတွေကို ဝင်ကယ်တဲ့ အမျိုးသားခြောက်ဦးဟာလည်း ထပ်မံ လှုပ်လာတဲ့ ဒုတိယအကြိမ်ငလျင်မှာ ရှဟီဒီသွားကြပါတယ်။

ဗုံးအိုးရွာအလယ်ဗလီ အမျိုးသားဝတ်ပြုဆောင်ကတော့ ယခင် အစိုးရတာဝန်ရှိသူတွေဆီကနေ နားလည်မှုနဲ့ ပြုပြင်ခွင့်ရခဲ့ဖူးတာကြောင့် လူထိခိုက်သေဆုံးမှု နည်းခဲ့ပေမဲ့ ပြုပြင်မှုမရှိခဲ့တဲ့ အမျိုးသမီး ဝတ်ပြုဆောင်မှာတော့ အများအပြား သေဆုံးခဲ့ရတာပါ။

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗုံးအိုးရွာ အပ်ချုပ်အလယ်ဗလီ/Photo - P

ဗုံးအိုးကျေးရွာမှာ တရွာလုံးအတိုင်းအတာအနေနဲ့ ဗလီ ရှစ်လုံး ရှိတဲ့ထဲက ဗုံးအိုးအလယ်ဗလီ၊ ဟာဂျီလင်းဗလီနဲ့ အပ်ချုပ်အလယ်ဗလီတွေကတော့ လုံးဝ ပျက်စီးပြိုကျသွားခဲ့ပါတယ်။ ဗလီတွေပြိုကျမှုကြောင့် သေဆုံးသွားခဲ့တဲ့ ဗုံးအိုးဒေသခံ အစ္စလာမ်ဘာသာဝင် ၁၅၀ နီးပါးရဲ့ ရုပ်အလောင်းတွေကို ပိတ်စအဖြူတွေပတ်ပြီး တန်းစီသင်္ဂြိုဟ်ခဲ့ရတဲ့ မြင်ကွင်းဓါတ်ပုံတွေဟာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာလည်း မြင်ရသူတိုင်းအတွက် အတော်လေးစိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ရတာပါ။ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာကြောင့် သင်္ဂြိုဟ်တဲ့နေရာမှာ မြေကော်စက်နဲ့ မြေကျွင်းတူးပြီးမှ တန်းစီမြှုပ်ကာ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆရာလွင်ကလည်း ပြောပြပါတယ်။ 

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗုံးအိုးရွာ အပ်ချုပ်အလယ်ဗလီ/Photo - P

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် သောကြာနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ၇ ဒဿမ ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီးက မြန်မာနိုင်ငံတဝန်း လူ ၄၀၀၀ ကျော်ရဲ့ အသက်တွေကို နှုတ်ယူသွားရုံသာမက အိုးအိမ်အဆောက်အအုံ၊ လမ်းတံတား၊ ရှေးဟောင်း အမွေအနှစ် မြောက်များစွာနဲ့ သာသနိကအဆောက်အအုံများစွာကိုပါ ဖျက်ဆီးပစ်ခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့အချိန်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုနေတဲ့အချိန် ဖြစ်တာကြောင့် ဗုံးအိုးရွာကဲ့သို့ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ် စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မြို့၊ရွာတွေက ဗလီတွေ အများအပြား ပြိုကျပျက်စီးပြီး အစ္စလာမ်ဘာသာဝင် အများအပြားလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတဝန်း လူ ၃၇၀၀ ကျော် သေဆုံးတယ်လို့ အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီသေဆုံးသူတွေထဲမှာ အစ္စလာမ်ဘာသာဝင် ၆၇၀ ကျော် ပါဝင်ပြီး အများစုက ဗလီတွေ ပြိုကျပျက်စီးမှုမှာ အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငလျင်ဒဏ်သင့် သေဆုံးသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ အစ္စလာမ်ဘာသာဝင် ဖြစ်ပြီး ဗလီပြိုကျမှုမှာ အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ခုနှစ်က စလို့ အကြိမ်ကြိမ် အာဏာသိမ်းကာ မြန်မာနိုင်ငံကို ကြီးစိုးအုပ်ချုပ်ခဲ့တဲ့ စစ်အုပ်စုဟာ ခေတ်အဆက်ဆက် ဘာသာရေး ဖိနှိပ်မှုတွေရှိခဲ့ပြီး အထူးသဖြင့် အစ္စလာမ် ဘာသာဝင်တွေအပေါ် ပိုမို ဖိနှိပ်လေ့ရှိကာ ဗလီတွေကို ပြင်ဆင်ခွင့်၊ တိုးချဲ့ခွင့်၊ အသစ်တည်ဆောက်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း တားမြစ်၊ ပိတ်ပင်၊ ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ 

ယခု စစ်ကိုင်းငလျင်ကြီးကြောင့် ဗလီများစွာ ပြိုကျပျက်စီးပြီး အစ္စလာမ်ဘာသာဝင် အများအပြား သေဆုံးရတာဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဘာသာရေး ဖိနှိပ်မှုအပေါ် လှစ်ဟပြသလို ဖြစ်တယ်လို့ တချို့က မှတ်ချက်ပြုပါတယ်။

ရေးသားထားခြင်းမရှိတဲ့ ဥပဒေတွေက ပိုချုပ်ကိုင်နေသလား

စစ်ကိုင်းငလျင်ကြီးကြောင့် ဘာသာရေး အဆောက်အအုံတွေ ပြိုကျမှုကနေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ အမြောက်အများ ရှိခဲ့ပါတယ်။ ငလျင်လှုပ်တဲ့အချိန် မန္တလေးမြို့ ဦးလှသိန်းဗိမာန်မှာဆိုရင်လည်း သံဃာတော် အပါး ၁၀၀၀ ကျော် ဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေကြတာကြောင့် စာဖြေဆောင်တစ်ခုပြိုကျတာကနေ သံဃာတော် အပါး ၅၀ ကျော် ပျံလွန်တော်မူခဲ့ရပါတယ်။

ဒါပေမဲ့ ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံတွေ ပြိုကျမှုကနေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေကတော့ အစ္စလာမ်ဘာသာမှာ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ အစ္စလာမ်သာသနာရဲ့ မဏ္ဌိုင်ကြီး ငါးခုထဲက တစ်ခုဖြစ်တဲ့ နမာဇ်ဝတ်ပြုခြင်း (စုပေါင်းဝတ်ပြုခြင်း) ဆိုတာဟာ အရွယ်ရောက်ပြီးတဲ့ အစ္စလာမ်ဘာသာဝင်တိုင်း မဖြစ်မနေလိုက်နာရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီလို လူပေါင်းရာချီ ပုံမှန် စုပေါင်းဝတ်ပြုဖို့ နေရာဖြစ်တဲ့ ဗလီတွေဟာလည်း အစ္စလာမ် ဘာသာဝင်တွေအတွက် အလွန် အရေးပါလှပါတယ်။ ဒါကြောင့် စစ်ကိုင်းငလျင်မှာ ဗလီတွေ ပျက်စီးပြီး အစ္စလာမ်ဘာသာဝင်တွေ အများအပြား သေ‌ဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေကို ရှာဖွေကြည့်ဖို့ လိုအပ်လာပါတယ်။

ပထမဆုံးအကြောင်းအရင်းကတော့ အလွန်ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် စစ်ကိုင်းငလျင်ကြီးဟာ ရှောင်လွှဲလို့မရနိုင်ဘဲ အစ္စလာမ်ဘာသာဝင် လူအများစုဝေးပြီး ဝတ်ပြုနေစဉ် အချိန်အတွင်းမှာမှ တိုက်တိုက်ဆိုင်ဆိုင် လှုပ်ခဲ့တာကြောင့် ‌လူသေဆုံးထိခိုက်မှုများခဲ့ရတာပါ။

နောက်တစ်ချက်အနေနဲ့ အစ္စလာမ်ဘာသာရေးခေါင်း‌ဆောင်တချို့ အပါအဝင် အစ္စလာမ်ဘာသာဝင်တွေကို လိုက်လံမေးမြန်းကြည့်တဲ့အခါမှာတော့ အဖြေတွေထဲကတစ်ခုက ထပ်တူကျနေပါတယ်။ အဲ့ဒီတူညီနေတဲ့ အဖြေက ခေတ်အဆက်ဆက်မှာ ဗလီတွေ ပြုပြင်ထိန်းသိမ်းခွင့်၊ တည်ဆောက်ခွင့်တွေ ခက်ခဲခဲ့တာက ငလျင်မှာ ဗလီတွေပြိုကျပြီး လူအစုလိုက်အပြုံလိုက် သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ် ဆိုတာပါပဲ။

သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာတွေမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပြုပြင် ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက် ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကို တင်ပြစရာမလိုဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ 

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗုံးအိုးရွာ အပ်ချုပ်မြောက်ဗလီ/Photo - P

ဒါပေမဲ့ လက်တွေ့မှာတော့ ဗလီတွေကို တရားဝင်ပြုပြင်ခွင့်၊ တည်ဆောက်ခွင့်မရခဲ့တာ နှစ်ပေါင်း ၆၀ ကျော် ရှိခဲ့ပြီလို့ အစ္စလာမ်ဘာသာဝင်တွေက ပြောကြပါတယ်။ 

ခေတ်အဆက်ဆက် အာဏာရှင်တွေက တရားဝင်ထုတ်ပြန်တာမျိုး၊ တရားဝင် တားမြစ် ပိတ်ပင်တာမျိုးတော့ မလုပ်ပေမဲ့ ဗလီတွေ ပြုပြင်တည်ဆောက်ခွင့်ဟာ တရားဝင်မရရှိခဲ့ဖူးဘူးလို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မောင်လာနာ၊ ကာရီ ဦးစိုးနေဦးက ပြောပါတယ်။

“ရေးသားထားခြင်းမရှိတဲ့ ဥပဒေတွေက ကျွန်တော်တို့ကို ပိုပြီး လွှမ်းမိုးချုပ်ကိုင်ထားပါတယ်”

တရားဝင်ခွင့်ပြုချက် ဆိုတာမျိုးမရှိဘဲ ဗလီပြင်ချင်တဲ့အခါ နားလည်မှုနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ထိုးပြီးတော့ပဲ ပြင်ခဲ့ကြရတာပါ။

ဗလီပြုပြင်တည်ဆောက်လို့ အမှုရင်ဆိုင်ကြရ၊ ရုံးရောက်ရ၊ အချုပ်ကျ၊ ထောင်ကျခဲ့ကြတာတွေလည်း နေရာဒေသတချို့မှာ ကြုံခဲ့ကြရဖူးတဲ့အကြောင်းကိုလည်း ဦးစိုးနေဦးက ပြောပြပါတယ်။

“ကျွန်တော်တို့က အသစ်ဆောက်ဖို့တွေ၊ ခွင့်ပြုချက်တောင်းဖို့တွေဆိုတာထက် ခိုးကြောင်ခိုးဝှက် ပြင်ရရင်တောင် ဒါ ကံကောင်းပြီပေါ့”

ငလျင်မှာ ပြိုကျပျက်စီးခဲ့ရတဲ့ ဗလီတွေဟာ အနည်းဆုံး အနှစ် ၁၀၀ ဝန်းကျင်၊ ၂၀၀ နီးပါးတွေ သက်တမ်း ရှိနေပြီ ဖြစ်တာကြောင့်ရယ်၊ တရားဝင် ပြုပြင်ထိန်းသိမ်းခွင့် မရတာတွေကြောင့်ရယ်၊ ငလျင်ရဲ့ အင်အား ပြင်းထန်လှ‌မှုတွေကြောင့်ရယ်လို့ ယူဆမိကြောင်း ဦးစိုးနေဦးက သုံးသပ်ထားပါတယ်။ 

ဦးစိုးနေဦးရဲ့ ပြောပြချက်အရ တချို့ ဒေသတွေမှာတော့ စည်ပင်အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေး လာဘ်ထိုးပြီးတော့ နားလည်မှုနဲ့ ပြင်ခွင့်ရထားတဲ့ ဗလီတချို့က ပြိုကျပျက်စီးသွားတာမျိုး မရှိတာကလည်း ဗလီပြုပြင်ထိန်းသိမ်းခွင့်ရတာက လူ့အသက်တွေကိုကယ်နိုင်ဖို့ရာမှာ အရေးပါပုံကို သက်သေပြနေပါတယ်။

ဗလီတွေကို တရားဝင်ပြုပြင်ခွင့်ရခဲ့တဲ့အချိန်ကတော့ ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်ကြီး ပြီးတဲ့နောက်မှာ ပြန်လည် တည်ဆောက်ပြုပြင်ခဲ့တာက နောက်ဆုံးပဲဖြစ်တယ်လို့ ဦးစိုးနေဦးက ပြောပြပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ စစ်ကိုင်းနဲ့ ပျဉ်းမနားမြို့တွေမှာ ဘာသာရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ သက်တမ်းတလျှောက် ဗလီတွေ သေချာပြုပြင်ဖို့၊ ပြန်တည်ဆောက်ဖို့ဆိုတာ ဦးစိုးနေဦးအတွက် ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗလီ/Photo - P

ပြိုကျသွားတဲ့ ဗလီအများစုဟာ လုံလောက်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်ခဲ့တဲ့ သက်တမ်းလွန် အဆောက်အဦးတွေ ဖြစ်နေတာ တွေ့ရကြောင်း စစ်ကိုင်းငလျင်မှာ ဗလီတွေ ထိခိုက်ပျက်စီးမှု၊ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးမှုအချက်အလက်တွေကို မြေပြင်ကွင်းဆင်း လေ့လာခဲ့တဲ့ ကိုကျော်(အမည်လွှဲ) ကလည်း သက်သေထူထားပါတယ်။

“အဓိကအချက်ကတော့ ဗလီတွေသည် ခိုင်ခန့်တဲ့ အဆောက်အဦးအနေနဲ့ ရှိနေတာ မဟုတ်ဘူး။ အိုပြီး လျော့ရဲ နေတဲ့ အဆောက်အဦးကို ဖာထေးထားတဲ့ အဆောက်အဦးအနေနဲ့ ရှိနေတဲ့အတွက်ကြောင့် ငလျင်လာတဲ့ အချိန်မှာ တောက်လျှောက်ပြိုကျပြီး လူတွေ ဒီလောက်သေတာလို့ သုံးသပ်လို့ရတယ်”

စစ်ကိုင်းမြို့မှာ ဆိုရင်လည်း ဗလီ ငါးလုံးသာရှိတဲ့အထဲ မြို့မဗလီ၊ မြို့တော်ဗလီနဲ့ မိုးကျဗလီက ပြိုကျခဲ့ပြီး ဂါတ်တန်းဗလီနဲ့ ရွာထောင်ဗလီကတော့ ပြိုကျတဲ့အထိ မဖြစ်ပေမဲ့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာကြောင့် ဖြိုချရမယ့် အခြေအနေ ဖြစ်ခဲ့ရပါတယ်။ 

စစ်ကိုင်းမြို့က အစ္စလာမ်ဘာသာရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အရပ်ဖက်ကိုယ်ထူကိုယ်ထ စာရင်းပြုစုရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြပုံအရဆိုရင် စစ်ကိုင်းမြို့ရှိ ဗလီတွေပြိုကျမှုကြောင့် သေဆုံးသူ ၁၅၀ နီးပါးရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့က ဗလီတွေဟာလည်း ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်မှာ အသစ်ပြန်လည် တည်ဆောက်ထားတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အကြီးစား ပြင်ဆင်ခွင့်တွေ မရတာကြောင့် အသေးစား ပြင်ဆင်မှုတွေသာလုပ်ရင်း ထိန်းသိမ်းခဲ့ရကြောင်းကို စစ်ကိုင်းမြို့မှာ ဘိုးဘေးအစဉ်အဆက် နေထိုင်လာတဲ့ အသက် ၆၀ ကျော်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးကလည်း ပြောပြပါတယ်။

“ဗလီတွေက နှစ်ပေါင်းကြာပြီ။ အသစ်ထပ်မံပြီးတော့ တစ်လက်မမှ မတွေ့ခဲ့ရဘူးလေ။ ရှိတဲ့ အဟောင်းကိုမှ အမိုး၊အခင်း၊အကာ ထပ်ပြန်တလဲလဲပေါ့။ ခေတ်မီအောင် ပြန်မွမ်းမံတာပေါ့”

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ မြို့မဗလီ/Photo - MHM

စစ်ကိုင်း မြို့မဗလီမှာဆိုရင် ရှေးတုန်းက ကတ္တရာစေးနဲ့ ကျောက်တွေရောကာ အမိုးတွေပြုပြင်လိုက်၊ ကွန်ကရစ်နဲ့ ပြန်ခင်းပြီး ပြုပြင်လိုက်နဲ့ အခါခါ ပြုပြင်ထားတဲ့အတွက် အမိုးပေါ်မှာ နှစ်ထပ်၊ သုံးထပ် အလေးချိန်တွေ ရှိနေတာကြောင့် ပြိုကျပျက်စီးခဲ့တာ ဖြစ်နိုင်ကြောင်း သူမအတွေ့အကြုံအရ သုံးသပ်ထားပါတယ်။ မြို့မဗလီအမိုးပေါ်က ကြီးမားတဲ့ ကျောက်ပြားတွေ ပြိုကျခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်တဲ့အခါမှာလည်း အခက်အခဲတွေများစွာ ကြုံခဲ့ကြရပါတယ်။

အလားတူ ဗလီတွေ အများဆုံး တည်ရှိရာမြို့ဖြစ်တဲ့ မန္တလေးမြို့မှာဆိုရင်လည်း ပြိုကျပျက်စီးသွားတဲ့ ဗလီတွေ အများစုဟာ ရှေးဟောင်းဗလီပေါ်မှာပဲ ပြုပြင်မှုတွေ ထပ်လုပ်ထားတာကြောင့်သာ ဖြစ်တယ်လို့ မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုက အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ပြောပါတယ်။

“တော်တော်များများ ဗလီတွေ ပြိုတာကတော့ နှစ်‌ ၆၀ ၊ ၇၀ အုတ်ရိုးကြီး ဖြစ်နေတဲ့အတွက် ပြိုတာ”

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ မြို့မဗလီ/Photo - MHM

ဦးစိုးနေဦးပြောသလို ရေးသားထားခြင်းမရှိတဲ့ ဥပဒေတွေရဲ့ ချုပ်ကိုင်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ စစ်ကိုင်းငလျင်ကြီးရဲ့ ထိုးနှက်ချက်ကို အလူးအလဲခံစားလိုက်ရပါတယ်။

ငလျင်နဲ့ ဗလီဗိသုကာပညာ

စစ်ကိုင်းငလျင်မှာ ဗလီတွေပြိုကျကာ လူအများအပြား သေဆုံးရခြင်းနဲ့ ပတ်သက်ပြီး ဗိသုကာပညာရှင် ဦးဘုန်းမင်းရှိန်(အမည်လွှဲ)ကို MFP က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ သူက ပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်တချို့ကို သုံးသပ်ပေးပါတယ်။ ဦးဘုန်းမင်းရှိန်ဟာ ဗလီနဲ့ ပတ်သက်တဲ့ ဗိသုကာပညာကို အထူးပြု လေ့လာထားသူတစ်ဦး ဖြစ်ပါတယ်။ ဦးဘုန်းမင်းရှိန်က ကိုယ်တိုင်လည်း တချို့ငလျင်ဘေးသင့်ဒေသတွေကိုသွားပြီး ပျက်စီးသွားတဲ့ ဗလီတချို့ကို လေ့လာခဲ့ပါတယ်။

ဗလီတွေပြိုကျရတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုကတော့ ဗလီအများစုဟာ ဆောက်လုပ်ခွင့်၊ ပြုပြင် ထိန်းသိမ်းခွင့်တွေ ခက်ခဲခဲ့တာ‌တွေကြောင့် ဖြစ်တယ်လို့‌ ဦးဘုန်းမင်းရှိန်ကလည်း သုံးသပ်ပါတယ်။ တချို့ဗလီတွေမှာ လာဘ်ထိုးပြီး နားလည်မှုနဲ့ ပြင်ခွင့်ရတာကလည်း တရားဝင်မဟုတ်နေတော့ စည်ပင်ကပဲ ပါးစပ်အမိန့်နဲ့ ခွင့်ပြုပေးတဲ့အပေါ် အချိန်တိုအတွင်း မြန်မြန်ပြီးနိုင်အောင် ဆောင်ရွက်ကြရတာပါ။  

“အမြန်လုပ်ရတဲ့အချိန်ကျ ဘာအခက်အခဲ ရှိလဲဆိုတော့ အဲ့လိုမျိုး ပညာရှင်တွေ လက်လှမ်းမမီဘူးပေါ့။ ရပ်ကွက်ထဲက ဒီ လက်သမားတို့ ပန်းရံဆရာတို့နဲ့ပဲ အမြန်လုပ်တာ၊ ညဘက်တွေ ဘာတွေ ခိုးလုပ်တာ တွေ ဘာတွေ ပေါ့”

ရွာတွေဘက်က ဗလီတွေမှာတော့ ဆောက်လုပ်ပြုပြင်ခွင့် ခက်ခဲတာအပြင် ဆောက်လုပ်ရေးပညာပိုင်းနဲ့လည်း အလှမ်းဝေးကြတယ်လို့ ဦးဘုန်းမင်းရှိန်က ပြောပြပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့ မြို့တော်ဗလီ/Photo - MHM

ဗလီတစ်ခုလုံး အကြီးစားပြုပြင်ခွင့် ရထားတာမျိုးက လုံးဝမရှိတာတော့ မဟုတ်ပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အဆင့်ဆင့်လိုက်ပြီး အကြီးစားပြုပြင်ခွင့် ရထားတဲ့ဗလီမျိုး‌လည်း အနည်းငယ်တော့ ဦးဘုန်းမင်းရှိန် တွေ့ခဲ့ရပါတယ်။

ငလျင်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် မြန်မာနိုင်ငံမှာ လူ့အသက်တွေကယ်တင်နိုင်ဖို့အတွက် ဗလီတွေကို တရားဝင် ပြုပြင်တည်ဆောက်ခွင့်ရဖို့နဲ့ စနစ်တကျ ပြုပြင်နိုင်ဖို့က ဘယ်လောက်အရေးပါလဲဆိိုတာကို ဦးဘုန်းမင်းရှိန် ကြုံတွေ့ခဲ့ရတာက သက်သေပြနေပါတယ်။ ဦးဘုန်းမင်းရှိန်ရောက်သွားခဲ့တဲ့ ငလျင်ကြောဖြတ်သွားတဲ့နေရာတစ်ခုက ဗလီဟာ မြေကြီးကနေအောက်ကို အနက်ရှစ်ပေဝန်းကျင်လောက် အက်ကွဲသွားတဲ့နေရာအနီးမှာ တည်ရှိတဲ့နေပေမဲ့လည်း ၂၀၁၅ ခုနှစ် ဝန်းကျင်လောက်က အကြီးစား ပြုပြင်ခွင့်ရခဲ့တာကြောင့် ဆောက်လုပ်ရေး ပညာရှင်နဲ့ တိုင်ပင်ကာ စနစ်တကျ ပြုပြင်နိုင်ခဲ့တဲ့အတွက် ပြိုကျတဲ့အထိမဖြစ်ဘဲ အက်ကွဲတာမျိုး၊ ဝတ်ပြုဆောင်ကြမ်းခင်း အနည်းငယ် နိမ့်သွားတာမျိုးလောက်သာ ပျက်စီးပြီး လူထိခိုက်သေဆုံးမှုလည်း မရှိခဲ့ပါဘူး။

ဦးဘုန်းမင်းရှိန်ကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့တဲ့ ငလျင်ဒဏ်သင့်ဗလီတွေမှာ တွေ့ရတဲ့ အားနည်းချက်တွေနဲ့ ပတ်သက်ပြီးလည်း ဦးဘုန်းမင်းရှိန်က မှတ်ချက်ပေးထားပါတယ်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေအနေနဲ့ အဆောက်အဦ ခိုင်ခံ့မှုအတွက် အရေးပါတဲ့ Ground Beam (အဆောက်အဦး အောက်ခြေပတ်လည်ရှိ ထုပ်တန်းများ) ကိုလည်း စနစ်တကျ ပြုလုပ်ထားမှုမရှိတာ၊ အဆောက်အအုံဟောင်းရဲ့ အုတ်ရိုးမှာ လက်လှမ်းမီရာ သံချောင်းအမျိုးအစားတွေ ထည့်ပြုပြင်ထားတာ၊ မြေကြီးအနေအထားနဲ့ အဆောက်အအုံရဲ့ ခံနိုင်ဝန်အားအတွက် အဓိကကျတဲ့ Soil Test (အဆောက်အအုံတစ်ခု ဆောက်လုပ်ရာမှာ သင့်လျော်တဲ့ အခြေခံအုတ်မြစ်ကို ရွေးချယ်မှု) မပြုလုပ်ထားတာတွေ ဖြစ်ပါတယ်။

ဗလီတွေပြိုကျတာကနေ လူပေါင်းများစွာ သေဆုံးရတာနဲ့ ပတ်သက်ပြီးလည်း ဦးဘုန်းမင်းရှိန်က အခုလို သုံးသပ်ပြထားပါတယ်။

ရှေးဗလီအဟောင်းတွေကို ပြန်လည်ပြုပြင်တဲ့အခါမှာ ဆောက်လုပ်ရေးပညာရှင်တွေနဲ့ စနစ်တကျ တွက်ချက် ပြုပြင်ထားတာမျိုး မဟုတ်တာကြောင့် အဆောက်အအုံအတွက်သာ ခံနိုင်ရည်ရှိတဲ့ Beam ပေါ်မှာ စိန်တောင်လို့ ခေါ်တဲ့ အလှဆင်မျှော်စင်အတု၊ ဒုံး (Dome – လိပ်ခုံးသဏ္ဌာန်အမိုး)၊ မီနာရာဟ် (မျှော်စင်) စတာတွေကို ထပ်ပြီးအလှဆင်ထားတာကြောင့် အပေါ်က အလေးချိန်မခံနိုင်ဘဲ ပြိုကျကုန်ကာ လူတွေပေါ်ပိမိပြီး အများအပြား သေဆုံးရတာ ဖြစ်ပါတယ်။

“အဲ့ဒီ Beam ပေါ်မှာ သေချာ မတွက်မချက်တော့ သူတို့က ဗလီဆိုပြီးတော့ အဲ့မှာ အတုံးကြီးတွေ အတစ်ကြီးတွေ အကြီးကြီးတွေ တင်ထားတာ၊ အဲ့မှာ တန်ချိန်ပေါင်းများစွာ လေးနေတာပေါ့”

လူပေါင်းများစွာသေဆုံးရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဗလီတွေမှာ ထွက်ပေါက် မလုံလောက်တာကြောင့်ပါ။ လူပေါင်းရာနဲ့ချီ အဆောက်အဦထဲမှာ စုဝေးနေရာကနေ အချိန်တိုအတွင်း အပြင်ဘက်ကို အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ဆိုတာ အဆောက်အအုံမှာ ဝင်ပေါက်၊ ထွက်ပေါက် အလုံအလောက် ရှိဖို့ကလည်း လိုအပ်ပါတယ်။

ဖြစ်ပြီးခဲ့တာတွေကို သင်ခန်းစာယူကာ တော်ရုံသဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ပြီး လူထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်မယ့် ဗလီဒီဇိုင်းတွေ ပြုလုပ်ဖို့ကိုလည်း ဦးဘုန်းမင်းရှိန်က ကြိုးစားနေပါတယ်။ ဗလီတွေရဲ့ ဖွဲ့စည်းတည်‌ဆောက်ပုံက ရိုးရှင်းတာကြောင့် လူတွေအတွက် အန္တရာယ်ရှိစေနိုင်မယ့် မလိုအပ်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ဖို့ကို ဦးဘုန်းမင်းရှိန်က အကြံပြုထားပါတယ်။

မတိုးတက်သေးတဲ့ ရှေးခေတ်အချိန်တုန်းကတော့ အသံချဲ့စက်ကဲ့သို့ အသံဟိန်းထွက်စေတဲ့ ဒုံး (လိပ်ခုံးသဏ္ဌာန်အမိုး) နဲ့ သံတော်ဆင့်က အဇာန် (ဝတ်ပြုဖို့ ဗလီသို့ဖိတ်ခေါ်သံ) ဆိုဖို့ အတွက် အဝေးက လူအများကြားနိုင်ဖို့ အသုံးပြုတဲ့ အမြင့်နေရာရှိ မီနာရာဟ် (မျှော်စင်)တွေကို လိုအပ်ချက်တွေအရ အသုံးပြုခဲ့ရတာပါ။ အခုချိန်မှာ ခေတ်တွေ ပြောင်းလဲပြီး တိုးတက်လာတာနဲ့အမျှ အဲ့တာတွေက မလိုအပ်တော့တာကြောင့် နောက်ပိုင်းမှာတော့ ဗလီတွေရဲ့ သ‌င်္ကေတအဖြစ် အလှဆင်တဲ့အနေနဲ့သာ အသုံးပြုလာကြပါတယ်။

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗလီ/Photo - P

အခုငလျင်မှာတော့ အဲ့ဒီ  ဒုံးတွေ၊ မီနာရာဟ်တွေက လူတွေကို ပိုပြီးထိခိုက်စေခဲ့တာကြောင့် အလှဆင်တာတွေကို လျှော့ချဖို့လိုအပ်လာပါတယ်။ လူတွေအတွက်လည်း အန္တရာယ်ကင်း၊ ဗလီရဲ့ သင်္ကေတတွေလည်း ပျောက်ပျက်မသွားအောင် နိုင်ငံတကာက ‌ဗလီဒီဇိုင်းတွေကို လေ့လာကြည့်တဲ့အခါမှာ ရိုးရှင်းတဲ့ လေးထောင့် အဆောက်အအုံမှာ အာခ် (Arch) လို့ ခေါ်တဲ့ တိုင်နှစ်တိုင်ကြားမှာ အဝိုက်ပုံစံ အခုံးလေးတွေ ထည့်သုံးတဲ့ ဒီဇိုင်းမျိုးက ငလျင်ဒဏ်ခံနိုင်ဖို့အတွက် အဆင်ပြေနိုင်ချေရှိတယ်လို့ ဦးဘုန်းမင်းရှိန်က အကြုံပေးထားပါတယ်။ ဗလီကို အလှဆင်တဲ့နေရာမှာလည်း အစ္စလာမ်ဘာသာမှာက ရုပ်ပုံနဲ့ ပတ်သက်တာတွေ အသုံးမပြုရတဲ့အတွက် ဂျီဩမေတြီနည်းဆိုင်ရာ နမူနာပုံစံတွေ အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းငလျင်မှာ ဗလီတွေသာမက အဆောက်အဦပေါင်းများစွာ ပြိုကျပျက်စီးပြီး လူအများအပြား ထိခိုက်သေဆုံးရတဲ့ အဓိကအကြောင်းရင်းတစ်ခုက အဆောက်အဦတွေ ဆောက်တဲ့အခါမှာ အမှန်တကယ် တတ်သိတဲ့ ပညာရှင်တွေနဲ့ စနစ်တကျဆောင်ရွက်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဦးဘုန်းမင်းရှိန်က အင်ဂျင်နီယာရှုထောင့်ကနေ သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်အထူးပြုအင်ဂျင်နီယာတွေ ရှားပါးပေမဲ့လည်း အင်ဂျင်နီယာအများစုက အတိုင်းအတာတစ်ခုထိ ငလျင်ဒဏ်ခံနိုင်အောင်တော့ ဆောက်လုပ်နိုင်ကြတာကြောင့် ငလျင်ကြောပေါ်ရှိလို့ ပြိုကျခဲ့ရင်တောင် လူ့အသက်တွေ ကာကွယ်နိုင်တဲ့အရည်အချင်းရှိတဲ့အတွက် အဆောက်အဦတွေဆောက်တဲ့အခါ ပညာရှင်တွေနဲ့သာ စနစ်တကျဆောက်ဖို့ တိုက်တွန်းထားပါတယ်။

စာရင်းရှိကိန်းဂဏာန်းက မြေပြင်နဲ့ကိုက်ညီသလား

စစ်ကိုင်း ငလျင်မှာ ဗလီ ၁၃၆ လုံး ပျက်စီးပြီး အစ္စလာမ်ဘာသာဝင် ၆၇၃ ဦး သေဆုံးကာ ပျောက်ဆုံး ၆၃ဦး နဲ့ ထိခိုက်ဒဏ်ရာရ ၄၁၈ ဦး ရှိတယ်လို့ စစ်အုပ်စု လက်အောက်ခံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဗုဒ္ဓဘာသာမှာတော့ ဘုရားစေတီ ၅၄၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၃၈၀၀ ကျော်၊ သီလရှင်ကျောင်း ၁၈၀ ကျော် ပျက်စီးခဲ့ပြီး ရဟန်း အပါး ၁၆၀ နီးပါးနဲ့ သီလရှင် အပါး ၅၀ ကျော် ပျံလွန်တော်မှုကာ ရဟန်း အပါး ၁၂၀ ကျော်နဲ့ သီလရှင် အပါး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ရဟန်းသုံးပါး ပျောက်ဆုံးခဲ့ပါတယ်။

ဒါ့အပြင် ခရစ်ယာန် ဘုရားကျောင်း ၅၀၊ ဟိန္ဒူဘုရားကျောင်း ၂၆ ကျောင်း၊ ဘုံကျောင်းတစ်ကျောင်း ပျက်စီး ဆုံးရှုံးခဲ့ပြီး ခရစ်ယာန်ဘာသာဝင် ကိုးဦး၊ ဟိန္ဒူဘာသာဝင် ၁၆ ဦး သေဆုံးခဲ့ကာ ခရစ်ယာန် ဘာသာဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်စုရဲ့ စာရင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးမှု အရေအတွက်ဟာ မြေပြင်နဲ့ ကွာခြားနေပြီး မြေပြင်မှာ လူဦးရေ ၁၀၀၀ ကျော် သေဆုံးနိုင်တယ်လို့ ဗလီတွေ ထိခိုက်ပျက်စီးမှု၊ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးမှု အချက်အလက်တွေနဲ့ ပတ်သက်ပြီး မြေပြင်မှာ ကွင်းဆင်း လေ့လာခဲ့တဲ့ ကိုကျော်(အမည်လွှဲ)က သုံးသပ်ထားပါတယ်။ သေဆုံးသူ အရေအတွက် အတိအကျ ရနိုင်ဖို့ကလည်း အခက်အခဲများစွာ ရှိတယ်လို့ ပြောပါတယ်။

“စာရင်းထက် နှစ်ဆကျော်လောက် ပိုပြီးတော့ သေတဲ့လူ အရေအတွက် ရှိတယ်ပေါ့။ ဒါပေမဲ့ ရပ်ကွက်ထဲက ဘယ်သူဘယ်သူ ဆိုတာကို သိတဲ့လူကိုပဲ စာရင်းထုတ်ပြန်တာ၊ သေစာရင်းထဲမှာ ထုတ်ပြန်တာပေါ့”

အစ္စလာမ်ဘာသာဝင်တွေဟာ ဗလီတစ်ခုတည်းမှာပဲ ပုံမှန် ဝတ်ပြုရမယ်လို့ ပုံသေ သတ်မှတ်ထားတာမျိုး မဟုတ်တဲ့အတွက် သွားရင်းလာရင်းနဲ့ နီးစပ်ရာ ဗလီမှာဝင်ပြီး ဝတ်ပြုတတ်ကြသူ‌တွေလည်း ရှိကြပါတယ်။ အဲ့ဒီတော့ ဗလီတည်ရှိရာ ရပ်ကွက်ထဲ နေထိုင်သူစာရင်းအရသာ သေဆုံးသူစာရင်းကို ကောက်ယူနိုင်တာကြောင့် ထုတ်ပြန်တဲ့ သေဆုံးသူစာရင်းထက် အမှန်တကယ် သေဆုံးသူ အရေအတွက်က ပိုများနေတာကိုလည်း တချို့နေရာတွေမှာ တွေ့ခဲ့ရတယ်လို့ သူကြုံတွေ့ခဲ့တာကို ပြန်ပြောပြပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးကာလ ပြီးတဲ့နောက် ရှင်းလင်းရေးလုပ်ရင်း တွေ့ရတဲ့ အလောင်း တချို့ကိုလည်း စာရင်းထဲ ထပ်မထည့်တော့တာမျိုးတွေလည်း ကိုကျော်ကိုယ်တိုင်ကြုံခဲ့ရပါတယ်။

စာရင်းကောက်ယူရာမှာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှု အပိုင်းကလည်း အားနည်းလွန်း တာကြောင့် သတင်းအချက်အလက်အမှန်ကို ရရှိနိုင်ဖို့က ကိုကျော်အတွက် အတော်လေးခက်ခဲခဲ့ပါတယ်။

“ဗလီထဲမှာ ဓာတ်ပုံရိုက်လို့၊ တချို့ဟာလေးတွေ ကျွန်တော်တို့ မှတ်တမ်းယူလို့ သက်ဆိုင်ရာပဲ ဆိုကြပါစို့ပေါ့၊ ပျူစောထီးခေါင်းဆောင်လိုလို ဟို ထွေအုပ်ရဲ့ ထွေအုပ်ရုံးက အစောင့်တွေလို အဲ့လိုမျိုး လိုက်ပြီးတော့ မေးတာတို့၊ ဘာတို့ရှိတော့ ရှောင်ပြီးပြေးရတာ‌တော့ နည်းနည်းပါးပါးရှိတယ်”

မြန်မာဘုရင်တွေရဲ့ဆုတော်လာဘ်တော်တွေ စစ်ကိုင်းငလျင်မှာကုန်ပြီ

မန္တလေး၊ စစ်ကိုင်းနဲ့ အမရပူရမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တချို့ဟာ ရှေးမြန်မာဘုရင်တွေ လက်ထက် ကတည်းက မင်းမှုထမ်းတွေ ဖြစ်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် မြန်မာ့နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းနဲ့ မင်းတုန်းမင်း လက်ထက်မှာ မင်းမှုထမ်း အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ရဲ့ သစ္စာရှိမှုအတွက် နေရာပေး၊ ချီးမြောက်မှုတွေ ခံစားခဲ့ကြရပါတယ်။

မန္တလေးမြို့ရဲ့ မြို့နယ်တွေဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်တွေမှာ ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးသွားတာနဲ့ ဖျက်သိမ်းခံရတဲ့ ဗလီတွေအပါအဝင် သမိုင်းမှတ်တမ်းတွေအရ ဗလီစုစုပေါင်း ၈၉ လုံး ရှိတယ်လို့ အလ်ဟာဂ်ျ ဦးခင်မောင်၀င်း (ဓူဝံ)ပြုစုထားတဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ 

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က ရွှေဘုန်းရှိန်ဗလီ/Photo - MML FB

မန္တလေး၊ စစ်ကိုင်းနဲ့ အမရပူမှာရှိတဲ့ ဗလီတွေ အားလုံးနီးပါးဟာ ခရစ်နှစ် ၁၇၈၀ ကျော်က စတင်တည်ဆောက်ခဲ့ကြပြီး ကုန်းဘောင်မင်းဆက် ဘုရင်တွေက သစ္စာရှိ မင်းမှုထမ်းတွေ ဖြစ်ခဲ့တဲ့ အစ္စလာမ် ဘာသာဝင်တွေကို ဆုတော်လာဘ်တော်အနေနဲ့ တည်ဆောက်ခွင့်ပေးခဲ့တာပါ။ ခေတ်အဆက်ဆက် ပြောင်းလဲ တည်ဆောက်လာပြီးတဲ့နောက် အခု စစ်ကိုင်းငလျင် မဖြစ်ခင် ကျန်ရှိနေတဲ့ ဗလီတွေဟာ နှစ်ပေါင်း ၁၀၀ နဲ့အထက် သက်တမ်းရှိတဲ့ အဆောက်အဦတွေပဲ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအတွက် ရှေးဟောင်း အမွေအနှစ်လို့လည်း ပြောလို့ရတဲ့ သက်တမ်းရင့် ဗလီ အများစုဟာ စစ်ကိုင်းငလျင်မှာ မြေခသွားခဲ့ပါပြီ။

အဲ့ဒီဗလီတွေထဲက တစ်ခုဖြစ်တဲ့ ၁၇၈၅ ခုနှစ်ကနေ သမိုင်းကြောင်းစတင်ခဲ့တဲ့ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဘုန်းရှိန်ဗလီဟာလည်း ငလျင်မှာ ပျက်စီးသွားခဲ့ပြီး အစ္စလာမ်ဘာသာဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ရွှေဘုန်းရှိန်ဗလီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလူမောင်(အမည်လွှဲ)က ပြောပြပါတယ်။ 

ရွှေဘုန်းရှိန်ဗလီရဲ့ လက်ရှိအဆောက်အဦတွေက ၁၉၂၆ ခုနှစ် အင်္ဂလိပ်ကိုလိုနီခေတ်မှာ ပြန်လည် တည်ဆောက်ခဲ့တာမို့ နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိနေပြီ ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကို ခုခံနိုင်စွမ်း မရှိတော့ဘဲ ပြိုကျပျက်စီးခဲ့ရတာပါ။ ရွှေဘုန်းရှိန်ဗလီမှာ အဆောက်အအုံ သုံးခုရှိတဲ့အထဲ နှစ်ခုက လုံးဝ ပြိုကျသွားပြီး ဝတ်ပြုဆောင် တစ်ခုတည်းသာ မပြိုဘဲ အက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

“အ‌ပေါ်က အမိုးတွေက အရင်တုန်းက အုတ်တွေနဲ့ နှစ်ထပ် သုံးထပ်မိုးထားတာ။ သူ့ကို ထောက်ထားတဲ့၊ ပင့်ထားတဲ့ အသားတွေက ဆွေးသွားတာလည်း ပါတယ်။ ဒါတွေက ပြုတ်ကျမှသိရတာ ဒီတိုင်းကျ မသိသာဘူး”

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က ရွှေဘုန်းရှိန်ဗလီ/Photo - MML FB

ဝတ်ပြုဆောင်ရဲ့ အမိုးပေါ်က အုတ်တွေကိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကရင်း ဖယ်ရှားခဲ့တာကြောင့်သာ လူပေါင်းများစွာ အသက်ဘေးက လွတ်ခဲ့ရတယ်လို့ ဦးလူမောင်က ပြောပြပါတယ်။ ရွှေဘုန်းရှိန်ဗလီကို ပြုပြင်ထိန်းသိမ်းမှု အပိုင်းမှာလည်း တခြားဗလီတွေနည်းတူ အကြီးစား ပြင်ဆင်မှုလုပ်ခဲ့တာမျိုးမရှိဘဲ အမိုးပြင်ရုံလောက်သာ ပြုလုပ်နိုင်ခဲ့တာပါ။ လက်ရှိ မန္တလေးမှာ ဗလီ အလုံး ၆၀ ကျော် ရှိတဲ့အထဲ စစ်ကိုင်းငလျင်ကြီးမှာ ကြီးကြီးမားမား မပျက်စီးတဲ့ ဗလီ အနည်းငယ်သာ ကျန်နိုင်တယ်လို့ ဦးလူမောင်က စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ 

“ကျွန်တော်ထင်တယ် ရှေးဟောင်းလက်ရာတွေကတော့ အကုန်ပျက်စီးသွားမှာ၊ မရှိနိုင်တော့ဘူး”

မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်း၊ ပင်းယ၊ မြင်စိုင်း စတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ မြန်မာနိုင်ငံ အလယ်ပိုင်းဟာ ငလျင်ဗဟိုချက်နဲ့ နီးစပ်ရာ ဒေသတွေ ဖြစ်ခဲ့တဲ့အတွက် သမိုင်းဝင် ဘုရားစေတီပုထိုးနဲ့ ရှေးဟောင်းအဆောက်အဦ များစွာလည်း ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ 

မျှော်လင့်နေရဦးမယ့် မျှော်လင့်ချက်

ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ ဘာသာရေး ခွဲခြားဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ယခု ငလျင်မှာတော့ ပြည်သူတွေက ဘာသာ၊ လူမျိုး မခွဲခြားဘဲ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုတွေ အများအပြား တွေ့ရတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ပြောကြပါတယ်။ ပြန်လည်ထူထောင်ရေး အပိုင်းမှာလည်း နိုင်ငံတော်က ပံ့ပိုးမှုမျိုး နည်းပါးပြီး ဘာသာပေါင်းစုံက အချင်းချင်း ကူညီဖေးမကြတာတွေက ပိုများပါတယ်။

ငလျင်ဒဏ်ကြောင့် ဗလီတွေ ပြိုပျက်ပြီးနောက် စစ်ကိုင်းမြို့က အစ္စလညမ်ဘာသာဝင်တွေ ဝတ်ပြုနေတဲ့ ယာယီ ဝတ်ပြုဆောင်/Photo - ပေးပို့


စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက်မှာ လူမျိုးရေး၊ ဘာသာရေးတွေကို လက်နက်အဖြစ် အသုံးချခဲ့ပေမဲ့လည်း ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်လာပြီးတဲ့‌ နောက်မှာတော့ အဲ့ဒီ လက်နက်တွေဟာ စစ်အုပ်စု မျှော်လင့်ထားသလောက် အသုံးမဝင်တော့တာကို တွေ့ရတယ်လို့ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ် ကွန်ရက် (SRMMN) ရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဦးထွန်းကြည်က မှတ်ချက်ပြုပါတယ်။ ဘာသာပေါင်းစုံဟာ အတိုင်းအတာတစ်ခုအထိ စည်းလုံးညီညွတ်မှု ရရှိထားပြီး အရင်လို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင်လည်း အချင်းချင်းက ထိန်းသိမ်း လုပ်ဆောင်ကြတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာပေမဲ့လည်း အစ္စလာမ်ဘာသာဝင်တွေမှာ စိုးရိမ် ပူပန်စရာ အကြောင်းအရာတွေက ရှိနေပါသေးတယ်။


ဗလီတွေဆိုတာ အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုဖို့ နေရာသပ်သပ် မဟုတ်ဘဲ သာရေး၊ နာရေး တွေပါ ဆောင်ရွက်တဲ့ နေရာဖြစ်တာကြောင့် အခုလို ဗလီတွေ အများအပြား ပျက်စီးသွားတဲ့အခါ အခက်အခဲတွေ များစွာ ကြုံနေကြရပါတယ်။ 


စုပေါင်းဝတ်ပြုမှု ဆိုတာဟာ အစ္စလာမ်ဘာသာဝင်တွေအတွက် မဖြစ်မနေ ပြုလုပ်ရမယ့် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ငလျင်လှုပ်ပြီးတာ ၆လကြာပြီဖြစ်တဲ့ လက်ရှိမှာအချိန်အထိ တချို့က ယာယီ ဝတ်ပြု‌ဆောင်လေးတွေ ဆောက်ပြီး ဝတ်ပြုနေရသလို၊ တချို့ကလည်း အိမ်တွေမှာပဲ ဝတ်ပြုနေကြရဆဲဖြစ်ပါတယ်။ 

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂ ဒဿမ ၃ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။ သို့သော် အစ္စလာမ် ပညာရှင်တွေကတော့ မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူဟာ လူဦးရေရဲ့ ၆ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်တယ်လို့ ယူဆကြပါတယ်။

 
“သန်းခေါင်စာရင်းတွေ ဆိုတာလည်း လူမျိုးကိစ္စတွေ ဘာသာကိစ္စတွေ ခွဲခြားထားတဲ့ အပေါ်မှာ ကျွန်တော်တို့က ရာခိုင်နှုန်းတွေက နည်းသွားတယ်ဗျာ” လို့ ဦးစိုးနေဦးက ပြောပါတယ်။ 


မွတ်စလင်လူမျိုးတွေဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်တဲ့အခါ၊ အိမ်ထောင်စုစာရင်း လုပ်တဲ့အခါမျိုးတွေမှာ အခက်အခဲတွေ များစွာရှိတဲ့အတွက် စာရင်းရှိတာနဲ့ အမှန်တကယ်ရှိတဲ့ လူဦးရေက ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဦးစိုးနေဦးက မှတ်ချက်ပေးပါတယ်။

ဗလီတွေ တည်ဆောက်ခွင့် မရခဲ့တာဟာ နှစ်ပေါင်းများစွာ ရှိပြီမို့ တိုးပွါးလာတဲ့ အစ္စလာမ်ဘာသာဝင် အရေအတွက်နဲ့ ဗလီတွေက လုံလောက်မှု မရှိတော့ဘဲ ဗလီတွေ ပြန်လည် တည်ဆောက်တဲ့အခါမှာ လူအရေအတွက်နဲ့ လုံလောက်တဲ့ ဗလီတွေ တည်ဆောက်ခွင့်ရဖို့ အစ္စလာမ်ဘာသာဝင်တွေက မျှော်လင့် နေကြပါတယ်။ 


ပျက်စီးသွားတဲ့ ဗလီတွေ ပြန်လည်တည်ဆောက်ခွင့်ရဖို့နဲ့ ပတ်သက်ပြီးလည်း အစ္စလာမ် ဘာသာဝင်တွေမှာ စိုးရိမ်နေကြရဆဲပါ။ 

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗလီ/Photo - P


ဗလီတွေ ပြန်လည်တည်ဆောက်ခွင့်နဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာအဖွဲ့အစည်းရဲ့ တာဝန်ရှိ လူကြီးတွေက နေပြည်တော်အထိ သွားရောက်ပြီး စစ်အုပ်စုကို ပြောဆိုတဲ့အခါ ချောမောစွာနဲ့ ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ နှုတ်မိန့်မျိုးကို ရရှိခဲ့တယ်လို့ ဆိုပေမဲ့လည်း မြေပြင်မှာတော့ အပျက်အစီးတွေ ရှင်းလင်းရေး လုပ်တဲ့အခါမှာတောင် အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။ မန္တလေးမြို့ပေါ်က သံလမ်းဗလီ အပါအဝင် ငလျင်ဒဏ်သင့် ဗလီ တချို့ဆိုရင် အပျက်အစီးတွေ ဖြိုချခွင့်ကိုတောင် ငလျင်လှုပ်ပြီးတာ လေးလလောက် ကြာမှသာ ရခဲ့ပါတယ်။


ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မူလအရွယ်အစားအတိုင်းသာ ပြန်လည် ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ ထုတ်ပြန်ချက် စာတစ်စောင်ကိုလည်း ပျော်ဘွယ်မြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ခရိုင်သာသနာရေးမှူး လက်မှတ်နဲ့ ပြီးခဲ့တဲ့ မေလ ၈ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။


“အဲ့ဒီစာက ဦးထွန်းကြည်တို့အတွက် ဘာမှ အံ့ဩစရာ မရှိဘူးပေါ့။ ဒါက ဖိအားပေးတဲ့စာ၊ နောက် တစ်ခုကတော့ ခြိမ်းခြောက်တဲ့စာပေါ့” လို့ ဦးထွန်းကြည်က မှတ်ချက်ပေးပါတယ်။

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာက ငလျင်ဒဏ်ထိ ဗလီ/Photo - P


စစ်အုပ်စုဟာ နိုင်ငံတကာ သံတမန်တွေကိုတော့ ဗလီတွေကို ဆောက်လုပ်ခွင့် ပေးထားတယ်လို့ ပြောကာ နိုင်ငံရေးအရ အမြတ်ထုတ်ပြီး နောက်ကွယ်မှာတော့ အစ္စလာမ်ဘာသာဝင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေကိုတော့ နိုင်ငံတကာက မသိဘူးလို့ ပြောပါတယ်။ 

စစ်အုပ်စုက အကြောက်တရားနဲ့ ဖိနှိပ်ထားတဲ့အတွက် မြေပြင်မှာ အမှန်တကယ် ရင်ဆိုင်နေရသူတွေ အနေနဲ့လည်း ထုတ်ဖော်ပြောနိုင်ဖို့ အခက်အခဲတွေ ရှိနေကြောင်း ဦးထွန်းကြည်က ပြောပြပါတယ်။ 


ပိုက်ဆံလမ်းခင်းမှသာ ပြုပြင်ခွင့်ရနိုင်ခဲ့တဲ့ ဗလီတွေအတွက် ယခု ငလျင်မှာ ပြန်လည် တည်ဆောက်ခွင့် ရဖို့ အခြေအနေနဲ့ပတ်သက်ပြီး ဦးထွန်းကြည်က အခုလို ဆက်ပြောပါတယ်။


“မြို့နယ်မှသည် တိုင်းသာသနာရေးမှူးတွေ အထိ၊ ပြည်နယ် သာသနာရေးမှူးတွေအထိကို ဒါက တရားဝင် လာဘ်စားခွင့်လိုင်စင် ထုတ်ပေးလိုက်တာ”


ဗလီ ပြန်လည်တည်ဆောက်ဖို့အတွက် တစ်ဦးတည်း အလှူရှင်တွေ ရှိသော်ငြားလည်း စစ်အုပ်စုရဲ့ သတ်မှတ်ချက်တွေနဲ့ ငြိပြီး အရှုပ်အရှင်းဖြစ်မှာ စိုးရိမ်နေရတာကြောင့် အလှူရှင်တွေမှာလည်း အခက်အခဲတွေ ဖြစ်နေကြရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ နောက်ထပ်စိုးရိမ်မှုတစ်ခုကတော့ စစ်အုပ်စုက သာသနာ့မြေဂရန် ပေါက်တဲ့ နေရာတွေကိုပဲ ပြန်ဆောက်ခွင့်ပြုမယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း ကြားနေရတာကြောင့် ဗလီတွေ ပြန်ဆောက်ခွင့်မရနိုင်မှာကို အထူးစိုးရိမ်နေကြပါတယ်။ အကြောင်းက ငလျင်မှာပြိုကျပျက်စီးသွားတဲ့ ရှေးဟောင်းဗလီအများစုဟာ ရှေးမြန်မာဘုရင်တွေလက်ထက်ကရင်း ရှိခဲ့တာကြောင့် စာရွက်စာတမ်းအထောက်အထားတွေက ကြီးမားတဲ့အခက်အခဲ ဖြစ်နေရပါတယ်။ 

“ကုန်းဘောင်မင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ သာသနာ့မြေတွေ၊ စတဲ့ဗလီတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ အခု အဲ့လိုအနေအထားက ပြောမယ်ဆိုရင်တော့ သူတို့က လုပ်မပေးထားတဲ့ ဥစ္စာကို ပြန်တောင်းတဲ့သဘောပေါ့ဗျာ”

ခေတ်အဆက်ဆက်အစိုးရတွေလက်ထက်မှာ သာသနာ့မြေဂရန်ရဖို့ အထက်မြန်မာပြည်က အစ္စလာမ်ဘာသာရေးဆရာကြီးတွေကိုယ်တိုင် အင်တိုက်အားတိုက် ကြိုးစားခဲ့ကြပေမဲ့လည်း အချည်းနှီးသာ ဖြစ်ခဲ့ရတဲ့အကြောင်း ဦးစိုးနေဦးက ပြောပြပါတယ်။ 

ပျက်စီးသွားတဲ့ဗလီတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်က မြေရာဇဝင်အခက်အခဲတွေ ရှိနေကြတာကြောင့် လက်ရှိအချိန်မှာလည်း အရင်ကလိုပုံစံမျိုးအတိုင်း စည်ပင်နဲ့နားလည်မှုယူပြီး ပြင်ထားတဲ့ ဗလီတချို့သာ ဝတ်ပြုဖို့ အဆင်ပြေသွားတယ်လို့ ကိုကျော်ကလည်း လက်ရှိအခြေအနေကို ပြောပြပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသလို စစ်အုပ်စုရဲ့ ချိပ်ပိတ်တာကိုပါ ခံလိုက်ရတဲ့ စစ်ကိုင်းမြို့က ဂါတ်တန်းဗလီ/Photo - ပေးပို့

စစ်ကိုင်း မြို့မရဲစခန်းနဲ့ ကပ်လျက်တည်ရှိနေတဲ့ ရှေးဟောင်း ဂါတ်တန်းဗလီကိုလည်း ငလျင်အပြီး နှစ်လအကြာမှာ စစ်အုပ်စုက ကျူးကျော်လို့ စွပ်စွဲပြီး အဓ္ဓမချိတ်ပိတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တဲ့ ဂါတ်တန်းဗလီရဲ့မြေနဲ့ မြို့မရဲစခန်းရဲ့မြေကို အလှူရှင်တစ်ယောက်တည်းက လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီမြေကို ၂၀၁၁ က ဂရန်ဖောက်ရာမှာ အများသဘောတူညီချက်မပါဘဲ ဗလီမြေကိုပါ ရဲစခန်းပိုင် ဂရန်မြေအဖြစ် ထည့်သွင်းခဲ့ပြီးနောက် အခုလို ငလျင်လှုပ်ပြီး ခြောက်လအကြာမှာ ဂါတ်တန်းဗလီ အပြီးပိတ်သိမ်းခံလိုက်ရတာလို့ ဦးစိုးနေဦးက ပြောပြပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတဲ့ ခြောက်လအကြာမှာတော့ ငလျင်ဒဏ်သင့်ဗလီတွေ ပြန်တည်ဆောက်ခွင့်ရဖို့၊ ပြန်ပြုပြင်ခွင့်ရဖို့ တဆင့်ချင်းစီ ကြိုးစားနေရဆဲဖြစ်ပြီး အဆင်ပြေချောမွေ့စွာနဲ့ ဗလီတွေပြန်တည်ဆောက်နိုင်ဖို့ အစ္စလာမ်ဘာသာဝင်တွေက မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသလို စစ်အုပ်စုရဲ့ ချိပ်ပိတ်တာကိုပါ ခံလိုက်ရတဲ့ စစ်ကိုင်းမြို့က ဂါတ်တန်းဗလီ/Photo - ပေးပို့


သဘာဝဘေးဆိုးဖြစ်တဲ့ စစ်ကိုင်းငလျင်ကတော့ လူမျိုးမရွေး၊ ဘာသာမရွေးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေကို တန်းတူ ဖျက်ဆီးခဲ့ပါတယ်။ ပျက်စီးသွားတာတွေ ပြန်လည် တည်ဆောက်ဖို့ အတွက် လွတ်လပ်မှုနဲ့ မျှတစွာ အခွင့်အရေး ရရှိဖို့ကို အစ္စလာမ်ဘာသာဝင်တွေက မျှော်လင့်နေကြပါတယ်။

Related Articles

Back to top button