မြန်မာနိုင်ငံမှာ လူငယ် ငါးသန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း UNDP အစီရင်ခံစာ ထုတ်ပြန်
MN/MFP ၊ အောက်တိုဘာ – ၆
မြန်မာနိုင်ငံက အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြားမှာရှိတဲ့ လူငယ် ငါးသန်းကျော်ဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပဋိပက္ခတွေနဲ့ စီပွားရေးအခက်အခဲတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က အောက်တိုဘာလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အသက် ၁၈ နဲ့ ၂၄ နှစ်ကြား လူငယ် လေးဦးမှာ သုံးဦးဟာ အတားအဆီးအမျိုးမျိုးကို ရင်ဆိုင်နေကြရတာကြောင့် ပညာရေး သို့မဟုတ် သင်တန်းတခုခုမှာ တက်ရောက်သင်ကြားတာတွေမရှိတော့ကြောင်း ဖော်ပြပါတယ်။
အထူးသဖြင့် စစ်ရေးမတည်ငြိမ်တဲ့ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေပြီး ကျေးလက်နေ လူငယ်အများစုဟာ အတားအဆီးအမျိုးမျိုးနဲ့ ပိုမိုရင်ဆိုင်နေကြရတယ်လို့ UNDP က ဆိုထားပါတယ်။
နိုင်ငံတဝန်းမှာ ပဋိပက္ခတွေနဲ့ လူမှုရေးဆိုင်ရာစံနှုန်းတွေ စီးပွားရေးဆိုင်ရာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာကြောင့် လူငယ်တွေရဲ့ ပညာရေးအလားအလာကို ဖျက်ဆီးနေပြီး တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းမှု အခြေအနေတွေကလည်း ရပ်တန့်နေတယ်လို့ ပြောပါတယ်။
လူငယ်တွေရဲ့ အခွင့်အလမ်းတွေ တစတစ တိုက်စားခံရကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ပြန်ဆွဲမဲ့ အန္တရာယ်တွေဖြစ်သလို မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ်ပြီးသူတွေ အလုပ်ရရှိမှုနှုန်းဟာလည်း နည်းပါးနေသလို အထူးသဖြင့် အမျိုးသမီးတွေမှာ အလုပ်ရရှိမှု နိမ့်ကျနေတယ်လို့လည်း UNDP က ဆိုပါတယ်။
တက္ကသိုလ်တခုခုကနေ ဘွဲ့ရရှိထားတဲ့ လူငယ်တွေဟာ မူလတန်းပညာအဆင့်အောက်ရှိသူတွေထက် ၅၀ ရာခိုင်နှုန်းကျော် ဝင်ငွေရရှိနေကြပေမဲ့ အထက်တန်းပညာ ပြီးဆုံးထားတဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းအထိ အလုပ်မရှိကြဘဲ မူလတန်းပညာအဆင့်သာရှိတဲ့ အမျိုးသမီးတွေမှာတော့ ၂၇ ရာခိုင်နှုန်းသာ အလုပ်ရှိကြတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို အတတ်ပညာ သင်ယူတတ်မြောက်ပြီးပေမဲ့ ဝင်ငွေရရှိမှုဟာ တိုက်ရိုက်ချိတ်ဆက်အချို့မကျတာကြောင့် ပညာတတ် လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ တည်ငြိမ်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှုမရှိတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့လည်း UNDP က ဆိုပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက် မူလတန်းကနေ တက္ကသိုလ်အဆင့်ထိ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူအများစု ကျောက်ဆက်မတက်ကြတော့ဘဲ CDM ပြုလုပ်ခဲ့ကြသလို လက်ရှိ စစ်အုပ်စုက စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ပေါ်တာဆွဲ လူသစ်စုဆောင်းနေတာကြောင့်ပါ လူငယ်အများစု ပညာသင်ကြားခွင့်ဆုံးရှုံးနေသလို ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



