အီသာရမ်/MFP ၊အောက်တိုဘာ-၆
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့ မနက်မှာ တော်လှန်ရေးတာဝန်နဲ့ ခရီးသွားဖြတ်သန်းရင်း ဆောမြို့နယ်က တော်လှန်ရေးရဲဘော်တစ်ဦး ရင်ဘက်မှာ ချိတ်ထားတဲ့ လက်ပစ်ဗုံး မတော်တဆပေါက်ကွဲရာကနေ ကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ကျဆုံးသွားသူဟာ ဆောမြို့နယ်က သက်လတ်ပိုင်းအရွယ် တော်လှန်ရေးရဲဘော် လူငယ်တစ်ဦးဖြစ်ပြီး မြိုင်မြို့နယ်ကို တော်လှန်ရေးတာဝန်နဲ့ ခရီးသွား ဖြတ်သန်းရာကနေ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ကြားမိတာက လက်ပစ်ဗုံး Error ဖြစ်သွားတာပါ။ ဒီနေ့ဖြစ်သွားတာ မနက်က ဖြစ်သွားတာကြားတယ်။ လက်ပစ်ဗုံးက အဲလို သူတို့ ကားမောင်းရင်း စနက်တံ ပြုတ်သွားပုံကျပါတယ်”
ကျဆုံးသွားတဲ့ ရဲဘော်က ဆောမြို့နယ်ကလို့ပဲ ကနဦးသိရှိထားပြီး တပ်ရင်း၊ တပ်ဖွဲ့အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲချိန်မှာ ရဲဘော်နှစ်ဦးအတူ ကားမောင်းလာတဲ့အချိန်ဖြစ်ပြီး ကျန်တဲ့ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ လုံခြုံရေး အခြေအနေကြောင့် ဒေသခံသတင်းအရင်းအမြစ်တွေက ထုတ်ဖော်မပြောပါဘူး။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ ၂၀၂၅ ခုနှစ် ပထမ သုံးလအတွင်းမှာ လက်နက်ကြီးနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၂၇ ဦး ရှိခဲ့ပြီး မကွေးတိုင်းမှာတော့ ဖြစ်ရပ် ၂၄ ခု၊ ထိခိုက်ခံစားရသူအရေအတွက် ၃၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



