ဘဦး/ MFP ၊ အောက်တိုဘာ – ၉
ချောင်းဦးမြို့နယ်၊ ဘုံတုံရွာ ဆီမီးသပိတ်ကို အောက်တိုဘာလ ၆ ရက်နေ့က လေကြောင်းကနေ စစ်အုပ်စုဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ လေးဆယ်ကျော်အထဲက ထပ်တိုးသေဆုံးတာတွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထပ်တိုးသေဆုံးတဲ့ အထဲမှာ မုံရွာပင်မသပိတ်ကော်မတီဝင် ကိုဖုန်းနဲ့ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထပ်မံသေဆုံးသွားတယ်လ်ို့ မြေပြင်မှာ ကူာီကယ်ဆယ်ရေးလုပ်ပေးနေသူ တစ်ဦးက ဆိုပါတယ်။
“ကိုဖုန်းကတော့ သပိတ်ကို လာဝန်းရံရင်း ဗုံးစက ဆီးခုံထိမှန်ခဲ့တာပါ။ ဆေးကုနေရင်း ဒီမနက် ၃ နာရီမှာ လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း နေ့ကတည်းက ဆေးတွေ၊ သွေးတွေ သွင်းပေမဲ့ ဒဏ်ရာရတာ ပြင်းထန်ထားတော့ ဆုံးသွားတာပါ။ ၁၁ နှစ်အရွယ်ကလေးက ယောက်ကျာ်းလေးပါ။ သူကကြ ၈ ရက်နေ့ည ၈ နာရီကျော်မှာ ဆုံးသွားပါတယ်”
သပိတ်ပြုလုပ်နေစဉ်မှာပဲ လူအုပ်တည့်တည့်ကို ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ငါးဆယ်ကျော်ရှိခဲ့ပြီး နှစ်ဆယ်ခန့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာပြင်းထန်သူတွေ ရှိနေသလို ဆေး နဲ့သွေးလိုအပ်ချက်တွေအပြင် တခြားအကူအညီ အထောက်အပံ့တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာမှာတင် သေဆုံးခဲ့သူတွေကိုတော့ အောက်တိုဘာလ ၇ ရက်နေ့မနက် အစောပိုင်းမှာပဲ သဂြိုဟ်ခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူအများစုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်တောက်ကုန်တာကြောင့် ရေရှည်ကုသရမဲ့ လူနာတွေ ပိုများတယ်လို့လည်း မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညမှာ ချောင်ဦးမြို့နယ် ဘုံတိုရွာက မူလတန်းစာသင်ကျောင်းဝန်းအတွင်းမှာ ပြုလုပ်တဲ့ ဆီးပီးထွန်းဆုတောင်းပွဲနဲ့ စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ လူစုဝေးနေချိန်မှာ စစ်အုပ်စုက စက်တပ်လေထီးနဲ့ ၁၂၀မမ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၁၉ ဦးသေဆုံးကာ လူ ၄၀ ဒဏ်ရာရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာဌာနကလည်း စစ်အုပ်စုရဲ့ချောင်းဦးနယ် လေကြောင်းတိုက်ခိုက်မှုမှာ ကျုးလွန်သူတွေကို အရေးယူခံရဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



