စစ်ကိုင်းသတင်း

ဒဏ်ရာရသူတွေကို ဆေးကုသလို့မရအောင် ချောင်းဦးနယ်ကို ဆေးဝါးသယ်ယူခွင့် စစ်အုပ်စုဖြတ်တောက်

MN/MFP ၊ အောက်တိုဘာ – ၉

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ ကျင်းပခဲ့တဲ့ ဆီမီးသပိတ်ဗုံးကြဲခံရမှု ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသလို့မရအောင် စစ်အုပ်စုက ပိတ်ဆို့ဖြတ်တောက်နေတယ်လို့ ​ဒေသခံတွေသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ချောင်းဦး -မုံရွာ လမ်းမကြီးပေါ်မှာရှိတဲ့ မအူစစ်အုပ်စုစစ်ဆေးရေးဂိတ်နဲ့ ‌‌ညောင်ပင်ဇောက် စစ်အုပ်စု စစ်ဆေးရေးဂိတ်တွေကနေ ကားတွေနဲ့ ဆိုင်ကယ်တွေကို ရပ်တန့် ပြီးတော့ ဆေးဝါးပစ္စည်းတွေကို အဓိကဖြတ်တောက် စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဆေးဝါးကုသရေးပစ္စည်းတွေဖြစ်တဲ့ ဆလိုင်းပုလင်း ၊ဂွမ်း၊ပါတ်တီး ၊ အနာဆေးတဲ့ ဆေးရည် တွေနဲ့ ပြုတ်ဆေး၊ အကိုက်ခဲပျောက်ဆေး၊ အရက်ပျံစတဲ့ ဆေးတွေကို သယ်ယူခွင့်မပြုဘဲ သိမ်းဆည်းကာ လူနာတွေကို ကုသလို့မရအောင် ဖြတ်တောက်ကန့်သတ်ထားတယ်လို့ မုံရွာချောင်းဦးလမ်းပိုင်း အသုံးပြုသူတဦးက ပြောပါတယ်။

“လိုင်းကားတွေ အထုပ်တွေကို မွှေနှောက်စစ်တာ ။မသင်္ကာရင် အထုပ်တွေကိုဖွင့်ပြခိုင်းတာ”

သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့တဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကုသပေးဖို့ သွေးနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပေမဲ့ စစ်အုပ်စု ကန့်သတ်ဖြတ်တောက်မှုတွေကြောင့် ဒဏ်ရာရသူတွေအထဲက မသေသင့်ဘဲသေဆုံးတာတွေ ရှိလာတယ်လို့ မြေပြင်မှာကူညီနေသူတွေပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေပြီး ဦးခေါင်း၊ ဝမ်းဗိုက်ဒဏ်ရာ ရရှိသူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးသူတွေ ရှိနေတာကြောင့် အန္တရာယ်စိုးရိမ်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဆေးဝါးမလုံလောက်တော့မသေသင့်ပဲသေရတာတွေရှိတယ်။ တစ်ချို့ဆိုသွေးထွက်လွန်ပီးဆုံးတာရှိတယ် စကမက မုံရွာ ဘက်ကနေ ချောင်းဦးဘက်ကလာတဲ့ ကားတွေအကုန်စစ်တာ အဓိက က ဆေးဝါး ကိုအဓိကထားစစ်နေတယ်”လို့ဒေသခံတဦးက MFPကိုပြောပါတယ်။

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်ဒီနေ့မနက်ပိုင်းမှာ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့အမျိုးသားလူငယ်တစ်ဦးတို့ သေဆုံးသွားတယ်လို့ သူက ဆိုပါတယ်။

ဒ့ါအပြင် စစ်အုပ်စုဟာ အောက်တိုဘာလ ၈ ရက်နေ့ညပိုင်းမှာလည်း ချောင်းဦးနယ်တစ်ဝိုက်ကို စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဘုံတုံရွာဒေသခံတွေအပြင် အနီးဝန်းကျင်ရွာတွေကပါ စစ်ကြောင်းသတင်းတွေကို နားစွင့်နေကြရပါတယ်။

စစ်အုပ်စုက ပါရာမိုတာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေအပါဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၀ ကျော် သေဆုံးထားပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ဦးခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ် စတဲ့ ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်တောက်ပြီး သေဆုံးသူတွေလည်း အများအပြားပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်အုပ်စုက ဆီမီးထွန်းသပိတ်ကို ဗုံးလာကြဲခဲ့တာကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ဗုံတိုရွာအပါဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေ သပိတ်အဖွဲ့တွေနဲ့ PDF ရဲဘော်တွေပါဝင်တယ်လို့ ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button