သတင်း

ဘုံတိုရွာဆီမီးသပိတ် ဗုံးကြဲခဲ့တဲ့စစ်အုပ်စုကိုတရားစွဲဆိုနိုင်ဖို့နိုင်ငံတကာကို GSCB တောင်းဆို

လူသစ်/MFP ၊ အောက်တိုဘာ – ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ် ဘုံတိုရွာ ဆီမီးသပိတ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ နိုင်ငံတကာကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က အောက်တိုဘာလ ၉ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

သီတင်းကျွတ်လပြည့်ညဖြစ်တဲ့ အောက်တိုဘာလ ၆ ရက်နေ့ညမှာ  ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်က ဆီမီးသပိတ်ကို စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂၄ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေအထဲမှာ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီဝင်တွေဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင်၊ ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီက ကိုကျော်ဇင်ဦးနဲ့အတူ အရပ်သားပြည်သူတွေ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးနဲ့  အရပ်သားပြည်သူလူထုတွေအတွက် မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်းနဲ့ ရာဇဝတ်မှုတွေ ဆက်တိုက် ကျုးလွန်နေတဲ့ စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားရေးမှာ ပိုပြီးကြိုးစားအားထုတ် သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတဲ့ စစ်အုပ်စုကို ဖိအားပေးတာ၊ ဆန့်ကျင်ကန့်ကွက်တာတွေအပြင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာမှာရှိတဲ့ တရားစွဲဆိုရေးယန္တရားတွေနဲ့ တရားစွဲဆို အပြစ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တစ်ဆက်ထဲမှာပဲ နိုင်ငံတစ်ဝန်းက စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်နိုင်ဖို့အတွက် ညီညွတ်စွာကြိုးပမ်းကြဖို့ ထုတ်ပြန်ချက်ကတဆင့် တိုက်တွန်းထားပါတယ်။

Photo-EIO(ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button