မန္တလေးသတင်း

ငလျင်ဒဏ်သင့်တဲ့ မန္တလေးတိုင်းကို တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ခန့် ရှိခဲ့ကြောင်း NUG ထုတ်ပြန်

မယ်ပ/MFP၊ အောက်တိုဘာ – ၁၀

ငလျင်သင့်ဒေသဖြစ်တဲ့ မန္တလေးတိုင်းက မြို့နယ်တွေကို စက်တင်ဘာလတစ်လအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈ ကြိမ်အထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တလအတွင်း လေကြောင်းတိုက်ခိုက်မှု ပေါင်း ၁၈၇ ကြိမ် ကျူးလွန်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံးပြီး ၂၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအထဲမှာ မန္တလေးတိုင်းက ၅၈ ကြိမ်အထိ လေကြောင်းကနေ ဗုံးကြဲ သတ်ဖြတ်ခံခဲ့ရပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက အရပ်သားပြည်သူတွေ အများဆုံး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၃၃ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်ပေါင်း ၁၃၄ လုံး၊ ကျောင်း ၁၅ ကျောင်း၊ ဘာသာရေးအဆောက်အဦးပေါင်း ၁၇ လုံးနဲ့ ကျန်းမာရေးအဆောက်အဦး ငါးလုံးအထိ ထိခိုက်
ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်အပြန်ချက်မှာ ဖော်ပြထားပါတယ်။

” အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်ရွေး ကောက်ပွဲကို ကြိုးပမ်းနေတာနဲ့ အမျှ မြေပြင်မှာ လူထုအပေါ် အကြမ်းဖက်မှုတွေလည်းဆက်တိုက်တိုးမြှင့်လုပ်ဆောင်နေပါတယ်။”လို့ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖော်ပြပါတယ်။

အလားတူ အကြမ်းဖက်စစ်အုပ်စုဟာလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေလည်း ဆက်တိုက် ကျူးလွန်နေပြီး စက်တင်ဘာတစ်လထဲမှာပဲ နိုင်ငံတဝန်းမှာ အစု လိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၂ ကြိမ်နဲ့ တရားလက်လွတ် သတ်ဖြတ်မှုဖြစ်စဉ် ၁၂၀ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၀၇ ဦးသေဆုံးခဲ့ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံခဲ့သူတွေအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်၂၇ ဦးအထိပါဝင်တယ်လို့ ဖော်ပြပါတယ်။

ဒါအပြင် စစ်အုပ်စုက စက်တင်ဘာလ ၁ရက်ကနေ ၃၀ရက်အထိ တလအတွင်း စုစုပေါင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၄၃မှု ကျူးလွန်ခဲ့တယ်လို့ NUGရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေက လျော့ကျသွားခြင်းမရှိသလို၊ ရပ်တန့်သွားခြင်းလည်းမရှိဘဲ ဆက်လက်မြင့်တက်လာနေပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအရေးယူခံရနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်း အားထုတ်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

စက်တင်ဘာလအတွင်းက မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်ခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button