MN/MFP ၊ အောက်တိုဘာ – ၁၄
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးနယ်မှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာစတဲ့ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ လူသတ်၊ လုယက်ခဲ့တဲ့ စစ်အုပ်စုနဲ့ပျူတွေက စက်တင်ဘာ ၂၅ ရက်မှာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးထားတဲ့ ညောင်ပင်ရွာကို ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး အထိနာတဲ့ စစ်အုပ်စုက ညောင်ပင်ရွာကို စီးနင်းလုယက်မီးရှို့ကာ အထိုင်ချတပ်စွဲနေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။
“ညောင်ပင်ရွာကို မီးရှို့ပြီးတော့ အဲဒီရွာနားမှာပဲ (စစ်အုပ်စု)အထိုင်ချထားတာ။ သူတို့က မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို နယ်မြေစိုးမိုးဖို့လုပ်နေတာ။ စစ်ကြောင်းက တိုးလို့ရသလောက် ရှေ့ဆက်တိုးလာနေတာ။ ဟိုတနေ့ကလည်း သူတို့ရှေ့ဆက်တိုးလို့ရအောင်မို့ Mi-35 နဲ့ ပတ်ချာလည်ပစ်သွားသေးတယ်။ စစ်ရှောင်တွေကတော့ အဲဒီလမ်းပေါ်ကရွာတွေနဲ့ အနီးဝန်းကျင် ရွာတွေ အကုန်ရှောင်နေကြရတာ”
မြင်းခြံမြို့နယ် နွားထိုးကြီးနယ်အစပ် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ပင်ရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ရွာဖြစ်သလို စစ်အုပ်စုတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကနေ အခုလက်ရှိ အောက်တိုဘာလထဲထိ စီးနင်းလုယက်မီးရှို့နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
“ဒီလထဲမှာကို ကျွန်တော်တို့ ကူညီထောက်ပံ့ပေးတာ ဆန်အိတ် အလုံး ၁၀၀ ကျော်သွားပြီ။ အဓိက,က စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတာ။ စစ်ရှောင်ပြည်သူတွေက များသလို စစ်ဘေးရှောင်ရတဲ့ ရွာတွေကလည်း တိုးလာနေတယ်။ စစ်ရှောင်တွေက ဘုန်းကြီးကျောင်းတွေနဲ့ တောတွေထဲက အပင်တွေအောက်မှာ ဖြစ်သလိုနေကြရတာများတယ်။ တချို့ နေမကောင်းဖြစ်တာတွေလည်း ရှိတာပေါ့။ ဆေးဝါးကတော့ ဘယ်လိုမှအဆင်မပြေပါဘူး၊ ဝယ်လို့လည်းမရဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတာကြောင့် ညောင်ပင်ရွာက ဒေသခံတွေအပါဝင် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ စံပြ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲ၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ဗလုံ၊ ကန်ဆင့်(တောင်-မြောက်)၊ ရွာကြီး၊ ရွာသစ်၊ လက်ဝဲ-မြင်းနီ၊ တစိုး၊ မလည် စတဲ့ ရွာပေါင်း ၂၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ နွားထိုးကြီးနယ် အရှေ့ခြမ်းနဲ့တောင်ဘက်ခြမ်းမှာလည်း သာစည်နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တာကြောင့် မကျီးကန်၊ မကျီးကုန်း၊ အောင်ပန်းကုန်း၊ သူဌေးကုန်း၊ ရွာသာအေး စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



